လူမှောင်ခိုမှုမှာ စစ်တပ်က ပါဝင် နေပြီလား

ဓာတ်ပုံ မူပိုင် AFP
Image caption ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းတွေမှာ နေထိုင်သူ မွတ်စလင်ဦးရေ ရှစ်သောင်း နီးပါးရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ဒုက္ခသည်စခန်းကနေ စစ်တပ်က ကားတစီးနဲ့ လိုက်ပါလာတဲ့ မွတ်စလင် ၁၀ဦးကို မှော်ဘီမြို့နားမှာ ရဲက ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီသူတွေဟာ ဒုက္ခသည်စခန်းကနေထွက်ဖို့ တဦးကို ၁၂သိန်းအထိ ပေးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ က သတင်းတွေအရ သိရပါတယ်။

ကနဦးစစ်ဆေးချက်တွေအရ စစ်တပ်ကားကို အသုံးပြုပြီး ထွက်လာတဲ့အချက်ကိုပဲ သိရတဲ့အကြောင်းနဲ့၊ အသေးစိတ်ကို ဆက်ပြီး စုံစမ်းနေကြောင်း မှော်ဘီမြို့နယ် ရဲစခန်း တာဝန်ကျ ရဲအရာရှိ တဦးက ဘီဘီစီကို ပြောပါတယ်။

စခန်းကနေ ပိုက်ဆံပေးပြီး စစ်တပ်ကားနဲ့ လိုက်လာသူဟာ ၂၉ဦးရှိပြီး လောလောဆယ်မှာတော့ ကားသမားအပါအဝင် ၁၁ဦးကို ဖမ်းဆီးထားပြီးဖြစ်ပါတယ်။ လွတ်သွားတဲ့ လူတွေကို မှုခင်းရဲတပ်ဖွဲ့ CID နဲ့ တွဲပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒုက္ခသည်စခန်းမှာ အနေအထိုင်ဆင်းရဲတာကြောင့် အလုပ်အကိုင်ရဖို့ မျှော်မှန်းပြီး အခုလို ပိုက်ဆံပေး ထွက်ပြေးကြတာဖြစ်တယ်လို့ စစ်တွေမြို့အနီး ဒုက္ခသည်စခန်းမှာ နေထိုင်သူတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူ မွတ်စလင်ဦးရေဟာ ရှစ်သောင်း နီးပါး ရှိပါတယ်။ ပြီးခဲ့တဲ့ မတ်လမှာ ပင်လယ်ကနေ တဆင့် လူမှောင်ခိုလှေတွေနဲ့ မလေးရှား၊ ထိုင်းစတဲ့ နိုင်ငံတွေဆီကို ထွက်ပြေးခဲ့ကြပြီး၊ အခုအခါမှာတော့ စစ်တပ် နဲ့ လုံခြုံရေး ကားတွေကို ငွေပေးပြီး ရန်ကုန်က တဆင့် ထွက်ဖို့ ကြိုးပမ်း ခဲ့ကြတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အစိုးရဝန်ထမ်းတချို့ လူမှောင်ခိုမှုတွေမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲမှုတွေရှိပေမယ့် အခုလို စစ်တပ်ကားကို ငွေပေးပြီး ထွက်လာတာကို ရဲ တပ်ဖွဲ့ စစ်ဆေး ထုတ်ဖော်ဖို့ လုပ်တာကတော့ ပထမဆုံးဖြစ်ပါတယ်။