ဒုက္ခသည်တွေလက်ခံဖို့ ဟန်ဂေရီကို ခရိုအေးရှား ဖိအားပေး

  • 19 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် .
Image caption ဒုက္ခသည်တွေ စီးဝင်တာကြောင့် ခရိုအေးရှားက နယ်စပ်ဂိတ်တချို့ ပိတ်ထား

ရွေ့ပြောင်းအခြေချသူ ဒုက္ခသည်တွေကို အိမ်နီးချင်း ဟန်ဂေရီနိုင်ငံက လက်ခံပေးဖို့ ဖိအားပေးသွားမယ်လို့ ခရိုအေးရှား၀န်ကြီးချုပ် ဇိုရမ် မလိုနိုဗစ်က ပြောပါတယ်။ ဘော်လ်ကန်ဒေသထဲက နိုင်ငံတွေအချင်းချင်း ဒုက္ခသည်တွေကို လက်ခံဖို့နဲ့ပတ်သက်ပြီး အခုရက်ပိုင်းမှာ တင်းမာမှုတွေ ဖြစ်နေပါတယ်။

ခရိုအေးရှားအစိုးရက သူ့နိုင်ငံထဲကို ရောက်လာတဲ့ ဒုက္ခသည်တွေကို စာရင်းကောက် မှတ်ပုံတင်တာတွေ မလုပ်တာဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တယ်လို့ ဟန်ဂေရီဘက်က စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စလို့ ဒုက္ခသည် နှစ်သောင်း လောက် သူ့နိုင်ငံတွင်း ရောက်လာတယ်လို့ ခရိုအေးရှားဘက်က ပြောပါတယ်။ ဒုက္ခသည်အများအပြားဟာ အရှေ့အလယ်အပိုင်းနဲ့ အာဖရိကဒေသက စစ်ဒဏ်နဲ့ ဆင်းရဲမှုဒဏ်တွေကနေ လွတ်မြောက်ဖို့ ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။

ခရိုအေးရှားက သူတို့ရဲ့ နယ်စပ်ဂိတ်အချို့ကို ဆက်ဖွင့်ထားပေမယ့် တချို့ကိုတော့ ဝင်လာတာ သိပ်များတဲ့အတွက် ပိတ်ထားတယ်လို့ ပြောပါတယ်။ နောက်ပြီး ဝင်လာတဲ့သူတွေကို ဟန်ဂေရီနဲ့ ဆလိုဗေးနီးယားနိုင်ငံတွေဆီ သွားမယ့် ဘတ်စ်ကားတွေပေါ်ကို တင်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

အခုဆို ဟန်ဂေရီက နယ်စပ်ကို ခြံစည်းရိုးတွေ ခတ်နေပါပြီ။ ဆလိုဗေးနီးယားဘက်မှာလည်း နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာဖို့ ကြိုးပမ်းသူတချို့ကို ငရုတ်ရေနဲ့ ဖြန်းခဲ့ပါတယ်။

အခုလို ဥရောပနိုင်ငံတွေအတွင်း ဒုက္ခသည်အရေးနဲ့ပတ်သက်လို့ သဘောထားကွဲပြားမှုတွေနဲ့ တင်းမာမှုတွေ ဖြစ်နေချိန်မှာ ဒုက္ခသည်တွေအနေနဲ့ သူတို့ သွားလို့ရမယ့် လမ်းကြောင်းသစ်တွေကို ရှာဖွေထွက်ခွာနေကြတာ တွေ့ရပါတယ်။

ဥရောပသမဂ္ဂအနေနဲ့လည်း အခုလာမယ့် အပတ်အတွင်း နောက်ထပ် အရေးပေါ် အစည်းအဝေးတွေ ကျင်းပဖို့ ရှိနေပါတယ်။