အဂတိကင်းရစေမယ်လို့ ဒေါ်စု ကတိပေး

  • 19 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption အဂတိကင်းစင်တဲ့ အစိုးရဖြစ်စေရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကတိပေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီ အနေနဲ့ အစိုးရဖွဲ့နိုင်ပါက အဂတိကင်းစင်တဲ့ အစိုးရဖြစ်စေရမယ်လို့ အင်န်အယ်လ်ဒီ ပါတီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ်စည်းရုံးမှုအတွင်း လူထုနဲ့တွေ့ဆုံပွဲမှာ ရမည်းသင်းမြို့ဒေသခံတွေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးမှာ ဘယ်တော့မှ အသုံးချမှာ မဟုတ်ဘူး လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အခုဆို ရမည်းသင်းမြို့နယ်မှာ အင်န်အယ်လ်ဒီ ပါတီ အပြင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့လည်း မဲဆွယ်စည်းရုံးရေးတွေ လုပ်နေပြီဖြစ်ပါတယ်။

အင်န်အယ်လ်ဒီပါတီရဲ့ အဓိက ပြိုင်ဖက်လို့ ပြောလို့ရတဲ့ ကြံ့ခိုင်ရေးပါတီကတော့ တဦးချင်းစီဝင်ငွေတိုးဖို့ နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြီးရင် ဖွံ့ဖြိုးတိုးတက်မှုကို ဒေသခံတွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ ကတိပေးတဲ့အကြောင်း ကြံ့ခိုင်ရေးပါတီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့် ကပြောပါတယ်။

ဒါ့အပြင် ကြံ့ခိုင်ရေးပါတီဟာ ၂၀၁၁ခုနှစ်ကတည်းက ကျေးလက်တွေအထိ လူထုရဲ့လိုအပ်ချက်တွေကို ဆောင်ရွက်ပေးထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲဆွယ်စည်းရုံးနေပေမယ့် စိုးရိမ်မှု မရှိဘူးလို့ သူက ပြောပါတယ်။

ရမည်းသင်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအဖြစ် မကြာသေးခင်က တပ်မတော်ကနေ တိုင်းမှူးရာထူးက အငြိမ်းစားယူလိုက်တဲ့ ဦးကိုကိုနိုင် နဲ့ အမျိုးသားလွှတ်တော်က ဦးခင်အောင်မြင့် တို့ ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ရမည်းမြို့နယ်ဟာ အကြိတ်အနယ်ရှိလာမယ့် မဲဆန္ဒနယ်တခုဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောဆို မှုတွေ ရှိနေပါတယ်။