ပြင်ဦးလွင်မှာ လူတွေကို စစ်တပ်က အိမ်ပေါ်ကနေ ဖယ်ရှားခိုင်း

  • 30 ဇန်နဝါရီ 2016
Image caption အိမ်၂၈လုံးက လူတွေ ယာယီစခန်းတွေမှာ နေထိုင်နေရ။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁၄)ညောင်နီရွာမှာ က စစ်တပ်က ရွာက လူတွေကို အိမ်ထဲကနေထွက်ခိုင်းပြီး အိမ်တွေကို ဖျက် ဆီးဖို့ ပြင်ဆင်နေပါတယ်။

အဲဒီက အိမ်ပိုင်ရှင် တွေနဲ့ အင်ဂျီနီယာ တပ်ခွဲ (၉၅၈) တို့ ပိုင်ဆိုင်မှု တရား ယှဉ်ပြိုင်နေတုန်းမှာ အခုလိုစစ်တပ်ဘက်က လုပ်ဆောင်တာပါ။

စစ်တပ်ကနေ အိမ်ပိုင်ရှင်တွေကို အပြောင်းအရွှေ့စရိတ် တစ်ဧကကို တစ်သိန်းနှုံးနဲ့ အိမ် ၂၈လုံးအတွက် စုစုပေါင်း လျော်ကြေး ၁၃သိန်းကျော်ပဲ ပေးခဲ့တယ်လို့ အိမ်ပိုင်ရှင် ဦးကြည်မောင်က ပြောပါတယ်။

အဲဒီမြေတွေကို အရင် ၂၀၀၆ခုနှစ်ကတည်းက စစ်တပ်က လာသိမ်းဖို့ ကြိုးစားခဲ့ပြီး မြေနေရာ အစားရှာပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

အခုဆို အသက် ၆၀ရှိပြီဖြစ်တဲ့ ဦးကြည်မောင်က ဒီမြေတွေပေါ်မှာ သူ့မိဘတွေလက်ထက်ကတည်းကနေ အခုအချိန်အထိ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တာလို့ ပြောပါတယ်။

အိမ်ပိုင်ရှင်တွေဟာ သူတို့ရဲ့အိမ်တွေထဲကို ဝင်ခွင့်မရတဲ့အတွက် ယာယီစခန်းဖွင့်ပြီးနေထိုင်နေကြတယ်လို့လည်း သူကပြောပါတယ်။

နောက်ပြီးသူတို့ကို ကျူးကျော်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲထားတယ်လို့ ဦးကြည်မောင်က ပြောပါတယ်။