ချင်းပြည်နယ် မြေပြိုဆည်ကျိုးကျမယ့် အန္တရာယ်

  • 20 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ပြီးခဲ့တဲ့နှစ်က မိုးရေကြီးမှု ဆိုးရွားခဲ့လို့ ချင်းပြည်နယ်မှာ အိမ်ခြေထောင်ချီ ပျက်စီးခဲ့ရ

ချင်းပြည်နယ် တွန်းဇံမြို့မှာ သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့ အဲဒီဒေသအခေါ် မြေပြိုဆည်ကြီးကို လာမယ့် မိုးရာသီ မရောက်မီ အချိန်မီ ပြုပြင်ဖို့ လိုတယ်လို့ အဲဒီကို သွားရောက် ကွင်းဆင်း လေ့လာတဲ့ အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က အဲဒီဒေသမှာ မိုးကြီး ရေလျှံရာကနေ တောင်ကျချောင်းရေ ပိတ်ဆို့ပြီး တောင်ကုန်းနေရာတွေမှာ သဘာဝအလျောက် မြေပြိုဆည်လို့ ခေါ်တဲ့ ဆည်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒါ့ကြောင့် မြေပြိုဆည်တွေကနေ ဖြစ်ပေါ်လာမယ့် ဘေးအန္တရာယ်တွေ ကြိုတင် ကာကွယ်နိုင်ဖို့ ဆည်မြောင်း၊ ကယ်ဆယ်ရေး၊ သစ်တော၊ ဘူမိ၊ သတ္တုတွင်း စတဲ့ ဌာနဆိုင်ရာ (၁၀)ခု နဲ့ ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းတွေ ကနေ ကွင်းဆင်း လေ့လာမှုတွေကို ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ လုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီထဲက အကြီးဆုံး ဧက (၁၀၀) ကျော်ကျယ်ဝန်းတဲ့ မြေပြိုဆယ်ကြီးဟာ မိုးတွင်းကာလမှာ ရေလျှံပြီး ရုတ်တရက် ကျိုးပေါက်နိုင်မှာ ဖြစ်တဲ့အတွက် ဆည်မြောင်းဌာန အပါအဝင် သက်ဆိုင်ရာဌာနတွေက အချိန်မီပြင်ဖို့ လိုတယ်လို့ ဆိုပါတယ်။

အဲဒီမြေပြိုဆည် အောက်ခြေမှာ ရှိတဲ့ ကျောက်သားတွေဟာ ဆည်ဆောက်လို့ မရနိုင်တဲ့ အနေအထားမှာ ရှိလို့ အဲဒီအတိုင်း ထားလို့ လုံးဝမဖြစ်ဘူးလို့ အဲဒီကို သွားရောက် လေ့လာတဲ့ အဖွဲ့မှာ ပြင်ပ ပညာရှင်အဖြစ် ပါဝင်တဲ့ သစ်တော ဦးစီးဌာနက အငြိမ်းစား ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်း က ပြောပါတယ်။

အဲဒီ အနီးအနား ပတ်ဝန်းကျင်မှာ ရှိတဲ့ ကျေးရွာတွေမှာ နေထိုင်သူတွေ ကြားမှာလည်း ဆည်ကျိုးကျခဲ့ရင် စိုက်ခင်းတွေနဲ့ ရွာတွေ ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်တဲ့အကြောင်း တွန်းဇံမြို့ခံ ဦးဂျီအက်စ်မန်းက ပြောပါတယ်။

ချင်းပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်နဲ့ ဩဂုတ်လ မိုးကြီး ရေကြီးမှု တွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့ပြီး ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ ပလက်၀ စတဲ့ မြို့တွေမှာ အိမ်ခြေ ထောင်နဲ့ ချီပြီး ပျက်စီးခဲ့ပါတယ်။

တွန်းဇံမြို့မှာ ရှိတဲ့ ဟားခါးလေး ကျေးရွာအပါအဝင် ရွာတွေကိုလည်း ပြောင်းရွှေ့ခဲ့ရတာမျိုးတွေ ရှိခဲ့ပါတယ်။