ပတ်ဂျေဆန် ဘိန်းခင်းဖျက်လုပ်ငန်းတွေ ရပ်ဆိုင်း

  • 27 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဘိန်းခင်းဖျက်လုပ်ငန်းအဆုံးသတ်မယ့် အလားအလာရှိလို့ ပတ်ဂျေဆန်အဖွဲ့ပြော

ကချင်ပြည်နယ်မှာရှိတဲ့ ဘိန်းခင်းတွေကိုဖျက်ဆီးနေတဲ့ လူထုအထောက်ကူပြုမူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့ ပတ်ဂျေဆန်အဖွဲ့ဟာ လက်နက်ကိုင် လူတစုရဲ့ တိုက်ခိုက်တာ ခံရပြီးနောက် ဘိန်းခင်းဖျက်လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

အစောပိုင်းတုန်းက အစိုးရဘက်က လုံခြုံရေးပေးမှာကို စောင့်ဆိုင်းမယ်လို့ ပတ်ဂျေဆန်အဖွဲ့က ပြောခဲ့ပေမယ့် လနဲ့ချီစောင့်ဆိုင်းရာမှာဖြစ်တဲ့အတွက် အခုလို ဘိန်းခင်းဖျက်တဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့ ပတ်ဂျေဆန်အဖွဲ့ ကော်မတီဝင် ဦးခမ်းသုဒန်ရှောင်က ပြောပါတယ်။

ဒါပေမယ့် တဖက်မှာတော့ ကချင်ပြည်နယ်လူထုက ဘိန်းခင်းဖျက်လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တဲ့အပေါ်လက်မခံနိုင်ကြဘူးလို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပတ်ဂေျဆန်အဖွဲ့ တိုက်ခိုက်ခံရမှုမှာ လုံခြုံရေးကြီးကြပ်မှု ပျက်ကွက်ခဲ့တာနဲ့ပတ်သက်လို့ သက်ဆိုင်ရာကို တိုင်ကြားဖို့ စီစဉ်မှာ ဖြစ်ပေမယ့် ဘိန်းခင်းဖျက်တဲ့ လုပ်ငန်းတွေကို အဆုံးသတ်မယ့် အလားအလာရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် တိုက်ခိုက်ခံရစဉ်အတွင်း လူစုကွဲသွားတဲ့ ပတ်ဂျေဆန်အဖွဲ့ဝင်တွေနဲ့လည်း ပြန်ဆုံမိပြီလို့ပြောပါတယ်။

တိုက်ခိုက်မှုအတွင်းအဖွဲ့သားတွေစီးလာတဲ့ ကားအဖျက်အဆီးခံခဲ့ရသလို၊ ရိက္ခာ၊ အဝတ်အစားနဲ့ ဖျက်ဆီးခံခဲ့ရပါတယ်။

လောလောဆယ်မှာတော့ တိုက်ခိုက်ခံရတဲ့ အဖွဲ့သား ၁၈ယောက်ဟာ ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး၊ တိုက်ခိုက်သူ ၂၁ယောက်ကိုတော့ ရဲဌာနကို မှာ အပ်နှံထားပါတယ်။