Twilight Over Burma ရုပ်ရှင်အပိတ်ခံရ

  • 15 ဇွန် 2016
Twilight Over Burma ဇာတ်ကား ပြခွင့်ပိတ်
Image caption တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ထိခိုက်မှာစိုးလို့ Twilight Over Burma ဇာတ်ကား ပြခွင့်ပိတ်

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်တာကြောင့် သီပေါစော်ဘွားနဲ့ ဩစတြီးယန်း အမျိုးသမီး မဟာဒေဝီ (Inge Sargent)ကြောင်း ရိုက်ကူးထားတဲ့ Twilight Over Burma ရုပ်ရှင်ကို လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်မှာ မပြဖို့ ပိတ်ပင်ခဲ့တာလို့ ဆင်ဆာစိစစ်ရေးကော်မတီက ပြောပါတယ်။

ဒီရုပ်ရှင်ကားဟာ (၁၉၆၀) ကျော်ကာလမှာ ရှမ်းပြည်နယ်က သီပေါစော်ဘွား စပ်ကြာဆိုင် နဲ့ ဩစတြီးယန်း အမျိုးသမီး မဟာဒေဝီတို့ဖူးစာဆုံခဲ့ပုံ၊ တခါ (၁၉၆၂)ခုနှစ် စစ်တပ် အာဏာသိမ်းချိန်မှာ သီပေါစော်ဘွား အထိန်းသိမ်းခံရပြီး ဒီနောက် ပျောက်ဆုံးသွားခဲ့ပြီးတော့ ကွဲကွာသွားရတဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီရုပ်ရှင်ကို လက်ရှိ ရန်ကုန်မှာ ကျင်းပနေတဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်မှာ ပြသဖို့ စီစဉ်ထားတာဖြစ်ပေမယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းပြည်နဲ့လူမျိုးတည်ငြိမ်အေးချမ်းရေး ကို ထိခိုင်စေနိုင်ပြီး နဲ့ (၂၁)ရာစု ပင်လုံညီလာခံကျင်းပခါနီးမှာ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေဖို့အတွက် အခုလို ပိတ်ပင်လိုက်တာဖြစ်တယ်လို့ ရုပ်ရှင် ဆင်ဆာစိစစ်ရေးကော်မတီရဲ့ ဒုဥက္ကဌ ဒေါက်တာ ဒေါ်သီတာတင်က ပြောပါတယ်။

ဒီရုပ်ရှင်ကားရဲ့ ဘယ်ဇာတ်ကွက်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေသလဲ ဆိုတာကိုတော့ သူက အသေအချာမပြောခဲ့ပါဘူး။

Image caption နှစ်စဉ်ကျင်းပနေကျ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်

ဒါပေမယ့် ဒီရုပ်ရှင်မှာ တပ်မတော်ရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့ ပြကွက်တွေပါတာကြောင့် ပြသခွင့်မပြုတာ ဖြစ်တယ်ဆိုပြီး ဆင်ဆာဘုတ်အဖွဲ့က အကြောင်းပြန်တယ်လို့ လူအခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် စီစဉ်သူ အမှုဆောင်ဒါရိုက်တာ ဒေါ်မွန်မွန်မြတ်က ပြောပါတယ်။ ဒီရုပ်ရှင်ကားကို ဆင်ဆာဘုတ်အဖွဲ့က ပြသခွင့်မပြုတဲ့အပေါ် ရုပ်ရှင်ပွဲတော်စီစဉ်သူတွေက ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ကို ပြန်လည် သုံးသပ်ပေးဖို့ တင်ပြခဲ့ပေမယ့် ဆုံးဖြတ်ချက်မပြောင်းပဲ ပြသခွင့် မပြုတာဖြစ်တယ်လို့ ဒေါ်မွန်မွန်မြတ်က ဆက် ပြောပါတယ်။

နှစ်စဉ်ကျင်းပနေကျ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်မှာ ပြည်တွင်းနဲ့ နိုင်ငံတကာက ရုပ်ရှင်ကားပေါင်း (၆၇)ကား ပြသနေပါတယ်။ အဲဒီရုပ်ရှင်ဇာတ်ကားတွေထဲက အကောင်းဆုံး ဇာတ်ကားတွေကို ဒေါ်အောင်ဆန်းစုကြည်ဆု၊ မင်းကိုနိုင်ဆု၊ ဦးဝင်းတင်ဆုတွေ အပါအဝင် ဆု(၉)ဆုကို ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။