မြန်မာနဲ့ ရုရှား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ထိုး

burmese army ဓာတ်ပုံ မူပိုင် AFP
Image caption တပ်မတော်နဲ့ ရုရှားနဲ့ စစ်ရေး ဆက်ဆံရေး တိုးမြှင့်မယ်

မြန်မာနဲ့ရုရှား နှစ်နိုင်ငံအကြားစစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ် သွားဖို့အတွက် သဘောညီမှု တခုကို လက်မှတ် ရေးထိုးခဲ့ကြတယ်လို့ ရုရှား တာ့စ်သတင်းဌာနက ပြောပါတယ်။

စာချုပ်အရ ရေတပ်ပူးပေါင်းမှု၊ ရေပုံ၊ မြေပုံ ရေးဆွဲမှုတွေ၊ စစ်ဘက်ဆိုင်ရာ ဆေးပညာနဲ့ စစ်ဘက်ပညာရေး အပိုင်းတွေမှာ ပူးပေါင်း ဆောင်ရွက် သွားကြမှာဖြစ်ပါတယ်။

အရင် အစိုးရတွေ လက်ထက်က မြန်မာစစ်တပ်အတွက် နည်းပညာပိုင်းမှာ ရုရှားကို အားကိုးခဲ့ရပေမယ့် အခုလို နိုင်ငံတကာနဲ့ ပွင့်လင်းစွာ ဆက်ဆံလာနေတဲ့ အချိန်မှာ ရုရှားနဲ့ စစ်ရေးဆက်ဆံမှုတွေကို တိုးမြှင့်ခဲ့တာနဲ့ ပတ်သက်လို့ အရင် ရုရှားနိုင်ငံ ဆိုင်ရာ မြန်မာ စစ်သံမှူးဟောင်းဖြစ်တဲ့ ကော့ကရိတ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဌေးကို ဆက်သွယ် မေးကြည့်တော့ နည်းပညာ အဆင့်မြင့်တဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရတာ ဖြစ်လို့ ဒေသတွင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေမှာ မြင့်မား လာမယ်လို့ ထင်မြင်ကြောင်း ပြောပါတယ်။

အခုလို နိုင်ငံတကာနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံလာတဲ့ အချိန်မှာ ဘာလို့ အနောက် နိုင်ငံတွေက စစ်တပ်တွေနဲ့ မဆက်ဆံဘဲ ရုရှားနဲ့ လုပ်ခဲ့တာလည်း ဆိုတဲ့ အခါမှာတော့ အနောက်နိုင်ငံတွေနဲ့ တပ်မတော်နဲ့ စစ်ရေး ဆက်ဆံမှုက ရပ်ထားတဲ့ သဘောလောက် ရှိကြောင်း၊ မြန်မာနိုင်ငံဟာ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေး မူဝါဒကို ကိုင်စွဲ ထားတာကြောင့် အနောက်နိုင်ငံတွေ ဘက်က ဆက်ဆံလာရင် တပ်မတော်ကလည်း ဆက်ဆံသွားမှာ ဖြစ်ကြောင်းပြောပါတယ်။

ဒေသတွင်း လုံခြုံရေးအတွက် တခြား အာဆီယံ နိုင်ငံတွေနဲ့ တာဝန်ခွဲဝေ ထမ်းဆောင် ရတဲ့အခါ အသင့်ဖြစ် နေအောင် လုပ်တာဖြစ်ပြီး နည်းပညာကို ရတဲ့ နေရာက ရယူရတဲ့ သဘောသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားစစ်တပ်ဟာ လူ့အခွင့်အရေး ပိုင်းမှာ ပုံရိပ်မကောင်း တာကြောင့် မြန်မာ စစ်တပ်ပုံရိပ်ကို ထိခိုက်မှု ရှိနိုင်သလား ဆိုရာမှာတော့ တနိုင်ငံနဲ့ တနိုင်ငံ ခံယူချက်ခြင်း မတူညီကြောင်း၊ အမျိုးသား အကျိုးစီးပွားကို မူတည်ပြီး ဆက်ဆံရတဲ့ သဘောဖြစ်ကြောင်း၊ လူ့အခွင့်အရေး အကြောင်းတွေကို ထည့်သွင်း စဉ်းစားခဲ့မယ် ထင်ကြောင်း ၊ အရပ်ဘက် ဆက်ဆံရေး အပေါ်မူတည်ပြီး ကာကွယ်ရေး ဆက်ဆံရေးဘက်က လိုက်လျော ညီထွေ လိုက်လုပ်တဲ့ သဘောသာ ဖြစ်တယ်လို့ ပြောပါတယ်။

အရင်ကလည်း ရုရှားနဲ့ စစ်ရေး ဆက်ဆံရေးက ရှိခဲ့ပြီး ဖြစ်လို့ အခု သဘောတူညီမှုကြောင့် ဒေသတွင်း တည်ငြိမ်မှုကို လည်း ထိခိုက်စရာ မရှိနိုင်ဘူးလို့ ဆိုပါတယ်။ ဆက်လက်ပြီး အာဆီယံ အသိုင်းအဝိုင်းမှာလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာနဲ့ ဆက်ဆံရေး အရ အပြစ်မပြောဘဲ၊ ဖြစ်နေတဲ့ ပြဿနာတွေ အပေါ်မှာ မေတ္တာ သဘော ဆက်ဆံရေးကို အခြေခံပြီး ဖြေရှင်း သွားမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။