ဆင်ဟွာက နိုင်ငံတကာ သတင်းချန်နယ်လွှင့်

  • 1 ဇူလိုင် 2010

တရုတ် အစိုးရပိုင် ဆင်ဟွာ သတင်း ဌာနက နိုင်ငံ တကာကို အင်္ဂလိပ် ဘာသာနဲ့ ၂၄ နာရီ ထုတ်လွှင့်မယ့် တီဗီ ချန်နယ် တစ်ခုကို CNC World News အမည်နဲ့ ဒီကနေ့ စတင် ထုတ်လွှင့် လိုက်ပါ တယ်။ BBC, CNN, Al Jazeera တို့လို သတင်း ချန်နယ် တစ်ခုကို တရုတ်တို့ ထုတ်လွှင့် လာတာ ဖြစ်ပါတယ်။

Image caption CNC World News

သတင်းတွေ အရဆိုရင် တရုတ် အစိုးရက နိုင်ငံ တကာမှာ တရုတ် ပုံရိပ်တွေ ထင်ဟပ်ဖို့ Big Four လို့ခေါ်တဲ့ တရုတ် ဗဟို ရုပ်သံ- စီစီတီဗီ၊ တရုတ် နိုင်ငံ တကာ ရေဒီယို- စီအာရ်အိုင်၊ ဆင်ဟွာ သတင်း အေဂျင်စီနဲ့ ချိုင်းနား ဒေးလီး သတင်းစာ၊ စုစုပေါင်း သတင်းဖြန့်ဝေမှု လေးခု အတွက် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အတွင်းမှာ အမေရိကန် ဒေါ်လာ ၈.၇ ဘီလီယံ သုံးစွဲခဲ့ ပါတယ်။

ဒီနှစ်ပိုင်းမှာ နိုင်ငံတကာ ပရိသတ်ကြား ပေါက်ထွက် လာတဲ့ အရှေ့ အလယ်ပိုင်းက ကာတာ နိုင်ငံ အခြေစိုက် Al Jazeera ရုပ်သံကို အတုခိုးလို့ ထုတ်လွှင့် လာတဲ့ တရုတ်ရဲ့ ၂၄ နာရီ သတင်း ချန်နယ် CNC World News မှာ သတင်း၊ feature, documentaries သတင်း မှတ်တမ်းတွေ၊ မိုးလေဝသ သတင်းတွေပါ ထည့်သွင်း ဖော်ပြမှာ ဖြစ်ပါတယ်။

တရုတ်မှာ တစ်ကမ္ဘာလုံးကို လွှင့်နိုင်တဲ့ သတင်း ချန်နယ် တစ်ခု မရှိဘူးလို့ ခံစားရတယ်။ ကျွန်တော် တို့မှာ ရှိသင့် တာပေါ့။ ဒါကြောင့် စလုပ် လိုက်တာပါ။ တရုတ်ဟာ ငြိမ်းချမ်းပြီး ဖွံဖြိုးမှုကို ရှေးရှုတဲ့ နိုင်ငံကြီးပါ

ကျွန်တော်တို့ လုပ်နိုင်တဲ့ အရာ မှန်သမျှ လုပ်တာပါပဲ။ အခု ဒီ CNC ဟာ နိုင်ငံတကာ သတင်း ချန်နယ် ဖြစ်လို့ တရုတ်တွေ အရ နည်းတဲ့ နိုင်ငံတကာ သတင်းတွေ လွှင့်မယ်။ မှန်တဲ့ သတင်းတွေ လွှင့်မယ်

ဝါဒဖြန့်တဲ့ စတေရှင် တစ်ခု မဟုတ်ပါဘူးလို့ တရုတ် အစိုးရပိုင် ဆင်ဟွာ သတင်းဌာန နက်ဝက် ကော်ပိုရေးရှင်းက စီမံရေးမှူး မစ္စတာ ဝုကျင်ချိုင်က ပြောပါတယ်။

ပထမ တစ်နှစ် အတွင်း ပရိသတ် သန်း ၅၀ ရအောင် လုပ်သွားမယ်။ ပြီးတော့ ဒီလို နိုင်ငံတကာ သတင်း ချန်နယ် အမျိုးအစား ထဲမှာ ထိပ်ဆုံး နံပါတ် ၅ ကနေ ၁၀ အတွင်း ဝင်အောင် လုပ် သွားမယ်လို့ မစ္စတာ ဝု က ပြောပါတယ်။