စစ်ရေးပေါက်ကြားမှုရဲ့ ထိခိုက်မှုကို သိဖို့ ကြာနိုင်

  • 27 ဇူလိုင် 2010
wikileaks
Image caption wikileaks website တည်ထောင်သူ Julian Assange

အာဖဂန်နစ္စတန် စစ်ပွဲအကြောင်း လျှို့ဝှက် စာရွက် စာတမ်း ၉သောင်းကျော် ပေါက်ကြား ခဲ့မှုကြောင့် ထိခိုက်မှုတွေ ဘယ်လောက် ဖြစ်သွားလဲဆိုတာကို သုံးသပ်ဖို့ သီတင်းပတ်နဲ့ချီ ကြာနိုင်ဖွယ် ရှိတယ်လို့ အမေရိကန် ကာကွယ်ရေး ဌာနက ပြောပါတယ်။

အတွင်းရေး လျှို့ဝှက်ချက်တွေကို ဖေါ်ထုတ် ချပြတဲ့ Wikileaks website က အဲဒီ လျှို့ဝှက် စာရွက် စာတမ်းတွေကို အင်တာနက်ပေါ် တင်လိုက်ပြီး သတင်းဌာနကြီး ၃ ခုက ထုတ်ဝေ ဖြန့်ချိ လိုက်တာပါ။

အဲဒီ စာရွက် စာတမ်းတွေထဲမှာ အာဖဂန် နစ္စတန် နိုင်ငံမှာ ရှိတဲ့ တာလီဘန် လက်နက်ကိုင် တွေကို ပါကစ္စတန် ထောက်လှမ်းရေး အေဂျင်စီ အဖွဲ့တွေက တက်တက်ကြွကြွ ထောက်ခံ အားပေး နေကြတယ် ဆိုတဲ့အချက် အပါအဝင် စွပ်စွဲချက် အတော်များများ ပါဝင်ပါတယ်။

ဒီစွပ်စွဲချက်တွေကို ပါကစ္စတန် အစိုးရက ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်ပါတယ်။

ဒီပေါက်ကြားမှုတွေဟာ အမေရိကန်နဲ့ ပါကစ္စတန် နှစ်နိုင်ငံ အကြား တိုက်ရိုက် ထိတွေ့ ဆက်ဆံရေး နည်းဗျူဟာသစ်ကို ဖျက်လို ဖျက်ဆီးလုပ်ဖို့ ကြိုးပမ်းမှုတရပ် ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ပါကစ္စတန် သမ္မတ ပြောခွင့်ရ အမျိုးသမီး Farahnaz Ispahani က ပြောပါတယ်။

Wikileakes websites ကို တည်ထောင်သူ Julian Assange က ဒီစာရွက် စာတမ်းတွေထဲမှာ စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း ဖေါ်ပြနေတဲ့ သက်သေ အထောက်အထားတွေ တွေ့ရ ကြောင်း ၊ ဒါပေမဲ့ ဒါဟာ တရားရုံးတွေနဲ့သာ ဆိုင်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အဲဒီစာရွက် စာတမ်းတွေထဲမှာ နေတိုးအဖွဲ့ တွေကြောင့် အာဖဂန် အရပ်သားတွေ သေဆုံးခဲ့ ရတဲ့ ကိစ္စ အပါအဝင် တခြားကိစ္စတွေ အကြောင်း အသေးစိတ်တွေ ပါဝင်ပါတယ်။

ဒီစာရွက် စာတမ်းတွေကို အခုလို ထုတ်ဝေ ဖြန့်ချိလိုက်ခြင်းကြောင့် တခြားသူတွေကိုလည်း အတွင်းရေး လျှို့ဝှက်ချက် ဖေါ်ထုတ်ချင်သူတွေ ဖြစ်လာအောင် အားပေးသလို ဖြစ်လာမယ် လို့ သူယူဆကြောင်း Mr Assange က ပြောသွားပါတယ်။