စက်မှုဇုံ မီးလင်းဖို့ ဓါတ်အားပေးစက်ရုံ တည်

  • 28 ဇူလိုင် 2010
coal_energy_plant
Image caption နိုင်ငံရပ်ခြား က ကျောက်မီးသွေး သုံး လျှပ်စစ် စက်ရုံ တခု

ရန်ကုန်တိုင်း က စက်မှုဇုံ တွေ လျှပ်စစ်မီး ရဖို့ အတွက် ဓါတ်အားပေး စက်ရုံ တွေ ကို တရုတ်နိုင်ငံ က ကုမ္ပဏီ တခု ရဲ့ အကူအညီ နဲ့ ထူး ထရေးဒင်း ကုမ္ပဏီ က တည်ဆောက် နေပါတယ်။

ဓါတ်အားပေး စက်ရုံ က ကျောက်မီးသွေး လောင်စာ ကို အသုံးပြု ကာ လျှပ်စစ် ဓါတ်အား ထုတ်လုပ်မှာ ဖြစ်ပြီး ဒီလို လျှပ်စစ် စက်ရုံမျိုး ဟာ မြန်မာပြည် မှာ ပထမဆုံး တည်ဆောက်တဲ့ စက်ရုံမျိုး လည်းဖြစ်ပါတယ်။

ဓါတ်အားပေး စက်ရုံတွေကို ရန်ကုန်တိုင်း ထန်းတပင် မြို့နယ်မှာ တည်ဆောက်နေတာ ဖြစ်ပြီး လာမယ့် ၂၀၁၂ ဒီဇင်ဘာလ လောက်မှာ စပြီး ဖြန့်ပေး နိုင်လိမ့်မယ် လို့ မျှော်လင့်တဲ့ အကြောင်း ထူး ထရေးဒင်း ကုမ္ပဏီ ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးစိန်ဦး က ဘီဘီစီကို ပြော ပါတယ်။

စက်ရုံတွေ တည်ဆောက်မှု အားလုံး ပြီးစီးသွားတဲ့ အခါ လျှပ်စစ် ဓါတ်အားတွေ ကို ရွှေပြည်သာ၊ ရွှေလင်ပန်းနဲ့ လှိုင်သာယာ စက်မှုဇုံတွေ ကို ဖြန့်ဝေမှာ ဖြစ်ပြီး ထုတ်လုပ်မှု စတင်ပြီး ခြောက်လ လောက် အတွင်းမှာ ၂၇၅ မီဂါဝပ် လောက် ထုတ်နိုင် လိမ့်မယ် လို့ ထူး ထရေးဒင်း က မျှော်လင့် ထား ပါတယ်။

ဒီ ပမာဏဟာ စက်မှုဇုံတွေ ကို ပေးဖို့ လုံလောက်တဲ့ အပြင် ပိုနိုင် သေးတာ မို့ ပိုလျှံ ရင် ရန်ကုန်မြို့ က လူ နေအိမ်တွေကိုပါ ဖြန့်ဝေ သွားမယ် လို့ ထူး ထရေးဒင်း ကုမ္ပဏီ ပြောရေး ဆိုခွင့် ရှိသူ က ဘီဘီစီ ကို ပြော ပါတယ်။

ထူး ထရေးဒင်း က လျှပ်စစ် ဓါတ်အား ထုတ်လုပ်မယ့် ကုန်ကြမ်း ဖြစ်တဲ့ ကျောက်မီး သွေး တွေ ကို စစ်ကိုင်းတိုင်း ကလေးဝ မြို့နယ် ကျောက်မီးသွေးတွင်း ကနေ ရယူမှာ ပါ။

ကောက်ခံမယ့် လျှပ်စစ် မီတာခ တွေ နဲ့ ပတ်သက်ပြီး အစိုးရ နဲ့ ညှိနေ တုန်းပဲ လို့ ဦးစိန်ဦး ပြော ပါတယ်။

အခုလို ခေတ်မီ ဓါတ်အားပေး စက်ရုံကြီး တည်ဆောက် နေတဲ့ အတွက် စက်မှုဇုံ က လုပ်ငန်းရှင်တွေ အနေနဲ့ လောလောဆယ် မှာ လျှပ်စစ် ဓါတ်အား ရရှိဖို့ စက်မှုဇုံ ကော်မီတီနဲ့ အီးပီစီ တို့ကို ငွေတွေ သိန်းနဲ့ချီ ပေးနေရတဲ့ ပြဿနာ က စက်ရုံ ပြီးတဲ့ အချိန် မှာ ပြေလျော့သွားလေ မလား ဆိုတာ ကတော့ ပြောဖို့ စောနေပါသေးတယ်။

ဒီစက်ရုံ တွေက ကျောက်မီးသွေး လောင်စာ ကို သုံးမယ့် စက်ရုံ တွေ ဖြစ်တဲ့ အတွက် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဘယ်အထိ ဖြစ်လာ မလဲ ဆိုတဲ့ အပေါ်မှာ လည်း မေးခွန်း ထုတ် နေကြ ပါတယ်။