အီရတ်စစ်ပွဲဟာ ဥပဒေနဲ့ မညီဘူးလို့ Hans Blix ကပြော

  • 28 ဇူလိုင် 2010
Dr Blix
Image caption အီရတ်စစ်ပွဲ ကိစ္စ ကြားနာ စစ်ဆေးပွဲကို Dr Blix တက်ရောက်လာစဉ်

အီရတ် စစ်ပွဲ မတိုင်ခင် ကုလသမဂ္ဂရဲ့ လက်နက် စစ်ဆေးရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သူ Hans Blix က ဗြိတိန်နိုင်ငံဟာ ဥပဒေကြောင်းအရ မခိုင်လုံတဲ့ စစ်ပွဲ တခုအတွင်း ဆွဲသွင်း ခံခဲ့ရတယ်လို့ ပြောကြားလိုက်ပါတယ်။

အီရတ် စစ်ပွဲ မဖြစ်ခင် အချိန်လောက်မှာ အမေရိကန် သမ္မတ Bush နဲ့ ဗြိတိန် ဝန်ကြီးချုပ် Tony Blair တို့ရဲ့ သုံးသပ် ဆုံးဖြတ်ခဲ့ချက်တွေနဲ့ ပတ်သက်လို့ လန်ဒန်မြို့မှာ ကျင်းပတဲ့ ကြားနာ စစ်ဆေးပွဲတခုမှာ သက်သေ ထွက်ဆိုခဲ့ အပြီး ဒေါက်တာ Blix က ဘီဘီစီကို အခုလို ပြောသွားတာပါ။

သူတို့ရဲ့ ထောက်လှမ်းရေး သတင်း အချက်အလက်တွေ မပြည့်စုံဘူးဆိုတာကို ခေါင်းဆောင် နှစ်ဦးအနေနဲ့ သဘောပေါက်သင့်တယ်လို့ ဆိုပါတယ်။

အီရတ်တွေဖက်က ပိုပြီး ပူးပေါင်း ဆောင်ရွက်လာချိန်မှာပဲ သူတို့နှစ်ဦးက နောက်ထပ် လက်နက် စစ်ဆေးမှုတွေဟာ အသုံးဝင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တာဟာ တခုခုပဲလို့ သူထင်မိခဲ့ကြောင်းလည်း ဒေါက်တာ Blix က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ လမ်းကြောင်းအတိုင်း လိုက်ပြီး ဗြိတိန် အစိုးရက အီရတ် ခေါင်းဆောင် ဆဒမ် ဟူစိန်နဲ့ ဆက်ဆံ ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ သူက ပြောပါတယ်။

အမေရိကန်တွေအနေနဲ့ စစ်ရေး အရ အရေးယူဆောင်ရွက်ရေးဖက်ကို အားသန်နေခဲ့ပြီး သူတို့ ဘာလုပ်လုပ် ရမှာပဲလို့ ယူဆခဲ့ကြတယ်လို့လည်း ဒေါက်တာ Blix က ပြောသွားပါတယ်။

အီရတ်ကို အမေရိကန် ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင် မတိုက်ခင် အီရတ်နိုင်ငံထဲမှာ ဒေါက်တာ Blix နဲ့ ကုလသမဂ္ဂ လက်နက်စစ်ဆေးရေး အဖွဲ့ဝင်တွေ ၄လ ခွဲလောက် စစ်ဆေးခဲ့ကြပေမဲ့ ဘာမှ မယ်မယ်ရရ မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။