ပါကစ္စတန်တွင် လေယာဉ်ပျက်ကျ ၁၅၂ ဦးသေဆုံး

  • 28 ဇူလိုင် 2010

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ် မာဘတ်မြို့နားမှာ ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျခဲ့လို့ လေယာဉ်ပေါ်ပါ ခရီးသည် တစ်ယောက်မှ အသက်ရှင် ကျန်ရစ်သူ မရှိဘဲ လူပေါင်း ၁၅၂ ဦး သေဆုံးခဲ့ပါတယ်။

Image caption လေယာဉ်ပျက်ကျပြီးနောက် ရှာဖွေ ကယ် ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်စဉ်

``ဒီလေယာဉ်ရဲ့ လေယာဉ်မှူး Pervez Iqbal Choudhrey ဟာ ကျွန်တော့် ဦးလေးပါ။ သူကွယ်လွန်ခဲ့ပြီ ဆိုတာကို ကျွန်တော့်ကို သက်ဆိုင်ရာက အတည်ပြု ပြောပါတယ်`` လို့ အစ္စလာမ် မာဘတ် လေဆိပ်က Asif Salee က ပြောပါတယ်။

သေဆုံးသူ ၁၅၂ ဦးမှာ ခရီးသည်က ၁၄၆ ဦး ဖြစ်ပြီး၊ လေယာဉ် အမှုထမ်းက ၆ ဦး ဖြစ်ပါတယ်။ သေဆုံးသူ ခရီးသည်တွေထဲမှာ အမေရိကန် နှစ်ဦးလည်း ပါဝင်ပါတယ်။

Airbus A-321 လေယာဉ်ရဲ့ မီးလောင်ကျွမ်းနေတဲ့ အပျက်အစီးတွေ ကြားထဲက မီးကျွမ်း အလောင်းတွေကို ကယ်ဆယ်ရေး အဖွဲ့တွေက တွေ့ခဲ့ပါတယ်။

Image caption ကွယ်လွန်သူခရီးသည်တွေရဲ့ ဆွေမျိုးသားချင်း များ ဝမ်းနည်းကြေကွဲနေကြစဉ်

မျက်မြင်တွေရဲ့ အပြောအရတော့ လေယာဉ်ဟာ တောင်စောင်းနဲ့ တိုက်မိ ပျက်ကျပြီး အကြီးအကျယ် မီးလောင် ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီလေယာဉ်ဟာ ပါကစ္စတန် ကုမ္ပဏီ Air Blue ရဲ့ လေယာဉ် တစ်စင်းဖြစ်ပြီး၊ အစ္စလာမ် မာဘတ်ကို ဆင်းသက်မယ့် အချိန်မတိုင်ခင် မိနစ်ပိုင်းလေး အတွင်းမှာ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ဟာ ရာသီဥတု ဆိုးနေတဲ့ ကြားက ပျံသန်းရမယ့် ကန့်သတ်ထားတဲ့ အမြင့်အောက်မှာ ပျံသန်းခဲ့တဲ့အတွက် အခုလို ပျက်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

ဒေသခံ သတင်းထောက် တစ်ယောက်ကတော့ လေယာဉ်ဟာ သူမတို့နေတဲ့ နေအိမ်တွေ ထက်က ကပ်ပြီး ပျံသွားတယ်၊ ဘာကြောင့် အပေါ်မြင့်မြင့်က မပျံသလဲ မသိဘူး၊ ခဏနေတော့ တောင်စောင်းကို တိုက်မိပြီး ၃၊ ၄ မိနစ်ကြာတော့ ပေါက်ကွဲသံကြီး ကြားရတော့တာပဲလို့ ပြောပြပါတယ်။

လေယာဉ်ပျက်ကျတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသူတွေ ကတော့ လေယာဉ်မှာ ပါတဲ့ ပျံသန်းရေး ဆိုင်ရာ သတင်း အချက်အလက်တွေ သိုမှီးထားတဲ့ မှတ်တမ်း သေတ္တာကို စစ်ဆေး နေကြပါတယ်။