Arizona လူဝင်မှု ဥပဒေသစ် မူကြမ်း ကန့်ကွက်ခံရ

  • 29 ဇူလိုင် 2010
Arizona bill protest
Image caption ဥပဒေမူကြမ်းပါ စည်းမျဉ်းတွေ ပိတ်ပင်ခံ ရတာကို အောင်ပွဲခံနေကြ

အမေရိကန် နိုင်ငံ အရစ်ဇိုးနား ( Arizona ) ပြည်နယ်မှာ ပိုတင်းကြပ်တဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေသစ်တခု အတည် ဖြစ်ဖို့ နာရီပိုင်း အလိုမှာပဲ ဖက်ဒရယ် တရားသူကြီး တဦးက အဲဒီ ဥပဒေသစ်ပါ စည်းမျဉ်းတချို့ကို ကန့်ကွက် တားမြစ် လိုက်ပါတယ်။

ဒီအမှုဟာ အမေရိကန် ပြည်နယ်တခုရဲ့ ဥပဒေရေးရာ အာဏာပိုင်တွေ အပေါ် အမေရိကန် ဖက်ဒရယ် အစိုးရရဲ့ ဥပဒေ ရေးဆွဲသူ တွေက အစွမ်းကုန် ဆန့်ကျင် ပြတဲ့ အမှုအဖြစ် အများက ရှုမြင်နေကြတာပါ။

အရစ်ဇိုးနား ပြည်နယ် အာဏာပိုင်တွေ ရေးဆွဲခဲ့တဲ့ အဲဒီ ဥပဒေသစ်ဟာ အမေရိကန်နဲ့ မက္ကဆီကို နယ်စပ် ကို ထိန်းချုပ်ဖို့နဲ့ မက္ကဆီကိုနိုင်ငံကနေ လူတွေ အလုံးလိုက် အရင်းလိုက် တရားမဝင် ဝင်လာနေတာကို တိုးမြှင့် တားဆီးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

အခု ကန့်ကွက် လိုက်တဲ့ အဲဒီ ဥပဒေပါ စည်းမျဉ်းတွေထဲမှာ ရဲ အရာရှိတွေအနေနဲ့ လူတွေကို ရပ်တန့် စစ်ဆေးမယ်ဆိုရင် အဲဒီလူတွေရဲ့ အမေရိကန်မှာ နေထိုင်နိုင်ခွင့် အခြေအနေကို မေးမြန်းဖို့ လိုအပ်တယ် ဆိုတဲ့ အချက် ပါဝင်ပြီး ဒီစည်းမျဉ်းဟာ နည်းလမ်း မညီဘူးလို့ အမေရိကန် သမ္မတ အိုဘားမားက ပြောသလို လူမျိုးရေး ခွဲခြားတယ်လို့လည်း လက်တင် အဖွဲ့တွေက ပြောနေတာပါ။

အရစ်ဇိုးနား ပြည်နယ်မှာ တရားမဝင် နေထိုင်နေသူတွေ ၄ သိန်းလောက် ရှိနေပြီး အများစုဟာ မက္ကဆီကို နိုင်ငံက ဖြစ်ပါတယ်။

အမေရိကန် ဖက်ဒရယ် အစိုးရရဲ့ ဒီဆုံးဖြတ်ချက်ကို မက္ကဆီကို အစိုးရက ကြိုဆိုလိုက် ပါတယ်။

Arizona ပြည်နယ် အုပ်ချုပ်ရေးမှူးကတော့ အယူခံ ဝင်မယ်လို့ ပြောပါတယ်။