အာဖဂန်စစ်ရေးပေါက်မှု အမေရိကန် အမျက်ထွက်

  • 30 ဇူလိုင် 2010
_robert_gates
Image caption အမေရိကန်ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်

အာဖဂန်နစ္စတန် စစ်ပွဲနဲ့ ပတ်သက်တဲ့ စစ်ရေးသတင်း အချက်အလက် ၉ သောင်းကျော် ပေါက်ကြားမှု အပေါ်မှာ အမေရိကန် အစိုးရ ထိတ်တန်းအရာရှိ တွေ အမျက်ဒေါသထွက်နေကြပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်က သတင်းစာရှင်းလင်းပွဲမှာ ဒီလုံခြုံရေးဆိုင်ရာ စစ်ရေးသတင်း ပေါက်ကြားမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်တွေ၊ မဟာမိတ် တပ်ဖွဲ့ဝင်တွေနဲ့ အာဖဂန် သတင်းပေး တွေရဲ့ အသက် အန္တရာယ် စိုးရိမ်ဖွယ် ရှိနေပြီ လို့ ပြောပါတယ်။ အဲဒီအတွက် ရှေ့တန်းစစ်မျက်နှာ က စစ်တပ်တွေနဲ့ ထောက်လှမ်းရေးသတင်း ဖလှယ်ရာမှာ ပြန်လည်သုံးသပ်ဖို့ လိုနေပြီလို့ ရောဘတ်ဂိတ်က ပြောပါတယ်။

သူဆက်ပြောတာကတော့ သူ ကိုယ်တိုင် အက်ဘီအိုင် ညွှန်ကြားရေးမှူး ရောဘတ်မူလာ ကို ဆက်သွယ်ပြီး သူတို့ အကူအညီ နဲ့ စုံစမ်းဖေါ်ထုတ်ဖို့ ပြောလိုက်ပါပြီ။ နိုင်ငံတော် လုံခြုံရေး ချိုးဖေါက်ခံရမှုမှာ ရသမျှ သတင်းအချက် အလက်တွေနဲ့ စုံစမ်းဖို့ လိုပါတယ် လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ် က ပြောပါတယ်။

စစ်ဦးစီးဥက္ကဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလင် ကတော့ ဝီကီလစ် ဝက်ဆိုက်ထူထောင်သူ ဂျူလီယန် အဆန် ရဲ့ လက်မှာ စစ်ရေးသတင်းပေါက်ကြားစေမှုကြောင့် သွေးစွန်းနေပြီလို့ ဆိုလိုက်ပါတယ်။