ကိုဟီးနူး စိန်ကြီး ရာဇဝင်

  • 29 ဇူလိုင် 2010

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန် အိန္ဒိယကို ရောက်နေချိန်မှာ ဗြိတိသျှ နန်းစဉ် သရဖူမှာ တပ်ထားတဲ့ ကိုဟီးနူး စိန်ကြီးကို ဗြိတိန် ကနေ အိန္ဒိယကို ပြန်ပေးသင့် သလား လို့ အမေးခံ ခဲ့ရပါတယ်။

Image caption ကိုဟီးနူးစိန်ကြီး ဆင်ယင်ထားတဲ့ နန်းစဉ် သရဖူ

ကမ္ဘာ့ အဖိုးတန်ဆုံး ရတနာတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်တဲ့ အဲဒီစိန်ကြီးဟာ ဗြိတိန် တော်ဝင်မိသားစု က ပထမဆုံး ပိုင်ဆိုင်ခဲ့တာ မဟုတ်ပါဘူး။

(၁၆) ရာစုနှစ်အတွင်းက မှတ်တမ်းတွေကို ကြည့်ရင် အိန္ဒိယနဲ့ အာဖဂန် နစ္စတန်က အုပ်စိုးသူတွေ လက်ထဲ တဆင့်ပြီး တဆင့် ရောက်ခဲ့တာ တွေ့ရပါတယ်။

တချိန်က ကမ္ဘာ့ အကြီးဆုံး စိန်ကြီး ဖြစ်ခဲ့တဲ့ ဒီစိန်ကြီးဟာ အခေျာ သွေးပြီးသား အဆင့်မှာတောင် (၁၀၆) ကာရက် အလေးချိန် ရှိပါတယ်။

၁၈၄၉ ခုနှစ်က ဗြိတိသျှ တပ်တွေ ပန်ဂျပ်ကို ဝင်သိမ်းခဲ့ ချိန်မှာ လာဟော မြို့က ရတနာ တိုက်ထဲကနေ ဒီစိန်ကြီးကို သိမ်းယူခဲ့ပြီး ဝိတိုရိယ ဘုရင်မကြီးကို ဆက်သခဲ့ကြတာပါ။

ဒီစိန်ကြီးဟာ အိန္ဒိယက တူးဖော် ရရှိခဲ့တာ ဆိုတဲ့ အထောက်အထားတွေ ရှာလို့ မတွေ့နိုင်ခဲ့ ပေမဲ့ ရာစုနှစ် များစွာ ကတည်းက ဒေသတွင်း မှာ စိန်ထွက်တဲ့ နေရာ ဆိုလို့ အိန္ဒိယပဲ ရှိခဲ့ပါတယ်။ ပါကစ္စတန် ကလည်း အဲဒီစိန်ကြီးရဲ့ ပိုင်ရှင် အစစ်ဟာ သူတို့ဖြစ်တယ်လို့ ကြေငြာခဲ့ဖူး ပါတယ်။

ဒီလို ရာဇဝင် တွေရှိတဲ့ ကိုဟီးနူး စိန်ကြီးမှာ နောက်ထပ် ရာဇဝင် တွေလည်း ရှိပါသေးတယ်။ ဒီစိန်ကြီးဟာ ကျိန်စာမိနေတဲ့ စိန်ကြီး လို့လည်း ဆိုကြပါတယ်။ ကိုဟီးနူး စိန်ကြီးကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ အုပ်စိုးသူဟာ အမျိုးသား ဆိုရင် သူဟာ အာဏာ ကြာကြာ မမြဲဘူး ဆိုတာပါပဲ။ ဗြိတိန် ပြည့်ရှင် တွေလည်း ဒီရာဇဝင် တွေကို အလေးထားပုံ ရပါတယ်။

ဝိတိုရိယ ဘုရင်မကြီးက လွဲလို့ ဘယ်ပြည့်ရှင်ကမှ ကိုဟီးနူး စိန်ကြီး ပါတဲ့ သရဖူကို မဆောင်းခဲ့ဘူးလို့ သိရပါတယ်။