ဆော်ဒီ၊ ဆီးရီးယားရဲ့ ထူးခြားခရီးစဉ်

  • 30 ဇူလိုင် 2010
Syria Saudi
Image caption ဆီးရီးယားသမ္မတ နဲ့ ဆော်ဒီဘုရင်

လက်ဘနွန်နိုင်ငံတွင်း ဂိုဏ်းဂဏစွဲကြောင့် တင်းမာမှု တွေလျော့ပါးအောင် ကြိုးပမ်းတဲ့ အနေနဲ့ ဆော်ဒီအာရေဗီးယားဘုရင် အဗ္ဗဒူလာနဲ့ ဆီရီးယား သမ္မတ ဘာရှာ အာလ် အာဆပ် တို့နှစ်ဉီး ထူးထူးခြားခြား လက်ဘနွန်နိုင်ငံကို ရောက်ရှိလာပါတယ်၊

လွန်ခဲ့တဲ့ငါးနှစ်က ဆွန်နီမွတ်စလင်တွေရဲ့ ခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ လက်ဘနွန် ဝန်ကြီးချုပ် ရာဖစ် အယ်လ် ဟာရီရီး အမှုကို စုံစမ်းစစ်ဆေးနေတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ က ရှီယား မူစလင် ဟစ်စဘိုလာတွေ ကိုတရားစွဲကောင်းစွဲမယ် ဆိုတဲ့ သတင်းတွေအပေါ် ဟစ်စဘိုလာတို့က အမျက်ဒေါသနဲ့တုန့်ပြန်လိုက်ပါတယ်။

ဒီလုပ်ကြံခံရမှုနဲ့ နောက်ဆက်တွဲတင်းမာမှုတွေကို လျော့ကျေအာင် ခေါင်းဆောင်နှစ်ဦးက ကြိုးပမ်းဖို့ပါ။

ဒီခရီးစဉ်အကြောင်းရင်းတွေထဲ အဓိကအချက်တစ်ခုကတော့ လက်ဘနွန်ကိုယ်တိုင်ကိုက ဒေသတွင်း တင်းမာမှုအများအပြားရဲ့ မြစ်ဖျားခံရာ ဖြစ်နေပါတယ်။ အဲဒီထဲမှာ ဟစ်စဘိုလာ လက်နက်ကိုင်တွေနဲ့ အစ္စရေးကြား ပဋိပက္ခဖြစ်ပွားမှုတွေလည်း ပါဝင်ပါတယ်။

ဒါကြောင့် ဆီးရီးယားနဲ့ ဆော်ဒီအာရေဗီးယား ခေါင်းဆောင်တွေက သူတို့ရဲ့ ညီညွတ်မှုကို ပြသပြီး ဒေသတွင်း တင်းမာမှုတွေကို လျော့ကျစေဖို့ မျှော်လင့်နေပါတယ်။

နောက်ပြီး လက်ဘနွန်မှာရှိတဲ့ သူတို့ရဲ့မဟာမိတ်နိုင်ငံရေးအင်အားစုတွေရဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ အထိအခိုက် မခံလွယ်တဲ့ အနေအထားကို မပျက်စီးပဲ ရေရှည်တည်တံ့နိုင်ဖို့ တိုက်တွန်းပန်ကြားကြမှာ ဖြစ်ပါတယ်။

တကယ်တော့ ပြီးခဲ့တဲ့ကာလတလျောက်လုံး ဆီးရီးယားနဲ့ ဆော်ဒီ နိုင်ငံနှစ်ခုရဲ့ သဘောထားမတူညီမှုတွေကလည်း ရှိနေပါတယ်။

ဆော်ဒီက ဆွန်နီ အာရပ်တွေနဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိပါတယ်။ ဆီးရီးယားကလည်း ရှီးယားအာရပ်တွေဖြစ်တဲ့ ဟစ်စဘိုလာ၊ နောက်ပြီး အီရန်နိုင်ငံတို့နဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိပါတယ်။ ဒါကြောင့် လက်ဘနွန်မှာရှိတဲ့ ဆွန်နီနဲ့ ရှီးယားလူမျိုးစုတွေကြား တင်းမာမှုမဖြစ်စေဖို့ ခေါင်းဆောင်နှစ်ဦးက တိုက်တွန်းကြမှာ ဖြစ်ပါတယ်။

လက်ဘနွန်ကိစ္စအပြင် ဆီးရီးယားအတွက်တော့ ဒီခရီးစဉ်က ပိုမိုကျယ်ပြန့်တဲ့ သံတမန်ရေးရာ၊ မဟာဗျူဟာရေးရာနဲ့ဆိုင်တဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။

ဆောဒီနိုင်ငံနဲ့ရော၊ နောက်ပြီး လက်ဘနွန်မှာ ရှိတဲ့ ဆီးရီးယားကို ဆန့်ကျင်တဲ့ အင်အားစုတွေနဲ့လည်း ပြန်လည်သင့်မြတ်ရေးလုပ်နိုင်ဖို့ လမ်းစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒေသတွင်းမှာ ဖြစ်နေတဲ့ ဟစ်စဘိုလာ၊ ဆီးရီးယား၊ အစ္စရေး၊ အီရန်တို့ ပါဝင်ပတ်သက်နေတဲ့ တင်းမာမှုတွမှာ ဒီခရီးစဉ်က သဘောထားပျော့ပြောင်းတဲ့ အာရပ်နိုင်ငံနှစ်ခုရဲ့ ကြိုးပမ်းမှုတစ်ရပ်လို့ ပြောနိုင်ပါတယ်။ ဘယ်လောက်ထိနဲ့ ဘယ်လို ကြိုးစားလုပ်ဆောင်နိုင်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။