ပါကစ္စတန်မှာ ရေကြီးမှုကြောင့် လူတသန်း ဒုက္ခရောက်

  • 31 ဇူလိုင် 2010
Pakistan floods
Image caption လူပေါင်း (၈၀၀) ကျော် သေဆုံးခဲ့ရပြီး၊ ရွာ အတော်များများ ရေထဲမျောပါသွားခဲ့ပါတယ်

မုတ်သုန်ရာသီမိုး အကြီးအကျယ် ရွာသွန်းခဲ့ တဲ့အတွက် ပါကစ္စတန်နိုင်ငံမှာ ရေကြီးမှု တွေ ဖြစ်ပွားနေရာ လူပေါင်း (၈၀၀) ကျော် အသက်ဆုံးရှုံးခဲ့ရပြီး၊ လူပေါင်း (၁) သန်း ထက်မနည်း အတိဒုက္ခ ရောက်နေကြရ တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဒါပေမယ့် နေရာဒေသ အတော်များများဟာ ရေကြီးပြီး အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်တဲ့အတွက် ပျက်ဆီးမှု အတိုင်းအတာ ဘယ်လောက်ရှိမယ် ဆိုတာကိုတော့ အတိအကျ မသိနိုင်သေးဘူးလို့ ပြောပါတယ်။

လမ်းတွေလည်း ပျက်ဆီးကုန်တာကြောင့် ကယ်ဆယ်ရေးလုပ်သားတွေဟာ အလှမ်းဝေးတဲ့ နေရာတွေကို ရောက်ရှိဖို့ အခက်အခဲ တွေကြားက ကြိုးစား လုပ်ဆောင်နေ ကြပါတယ်။ ရွာလုံးကျွတ် အတော်များများ ရေထဲ မျောပါသွားခဲ့တာတွေလည်း ရှိပါတယ်။

ပါကစ္စတန် အနောက်မြောက်ဘက် လူဦးရေ သုံးသန်းရှိတဲ့ ပက်ရှာဝါမြို့နဲ့ အဆက်အသွယ် ပြတ်တောက်နေပြီး၊ စွက်နဲ့ ရှန်ဂလာ ခရိုင်တွေလည်း အလားတူ ဖြစ်နေပါတယ်။

အိမ်နီချင်း အာဖဂန်နယ်ခြား တလျှောက်မှာတော့ ပြည်နယ်လေးခု ရေကြီးခဲ့ပြီး အနည်းဆုံး လူ (၆၀) သေဆုံးခဲ့ပါတယ်။

ခိုင်ဘာပြည်နယ် ပြန်ကြားရေးဝန်ကြီးက နောက်ဆုံးရတဲ့ သေဆုံးသူအရေအတွက်ကို ကြေညာသွားပြီး၊ ဒီပြည်နယ်မှာ အခုလို ရေကြီးမှုဟာ အဆိုးဝါးဆုံး ဖြစ်တယ်လို့ ပြောပါ တယ်။

လာမယ့်ရက်ပိုင်းအတွင်း မိုးကြီးတွေ ထပ်ရွာမယ်လို့ မိုးလေဝသ ခန့်မှန်းချက်တွေ ရှိနေတဲ့ အတွက် ဆင်းဒ်ပြည်နယ်လို ရေကြီးနေတဲ့ ပြည်နယ်တွေ အတွက် စိုးရိမ်မှုတွေ ထပ်ရှိနေ ပါတယ်။