အမေရိကန်စွပ်စွဲမှု ဝီကီလိခ်စ် ထူထောင်သူ ငြင်းဆို

  • 31 ဇူလိုင် 2010
Wikileaks
Image caption အချက်အလက် တသောင်းခွဲကို ထပ်မတင်ဖို့ အိမ်ဖြူတော်က မေတ္တာရပ်ခံ လိုက်ပါတယ်

အာဖဂန်နစ္စတန် စစ်ပွဲနဲ့ ပတ်သက်တဲ့ စစ်သတင်း အချက်အလက် (၉) သောင်း အကြောင်း ဝီကီလိခ်စ် အင်တာနက် ဝက်ဘ်ဆိုက်မှာ ဖွင့်ချလိုက်တဲ့အတွက် ဝက်ဘ်ဆိုက် တည်ထောင်သူ ဂျူလီယံ အဆန်ရဲ့ လက်မှာ သွေးစွန်းနေပြီလို့ အမေရိကန်က စွပ်စွဲတာကို မစ္စတာ အဆန်က ပယ်ချလိုက်ပါတယ်။

အခုလို စစ်သတင်းပေါက်ကြားမှုမှာ အမေရိကန် ဘက်က ဘယ်သတင်းပေးကိုမှ သတ်ဖြတ်မှု တွေ မလုပ်ခဲ့ကြောင်းနဲ့ အမေရိကန်စွပ်စွဲသလို သူလက်မှာ သွေးစွန်းနေပြီ ဆိုတာ ဘယ်လို အထောက်အထားမှ မရှိကြောင်း မစ္စတာ အဆန်က ဘီဘီစီကို ပြောပါတယ်။

နောက်ပြီးသူက အာဖဂန်စစ်ပွဲမှာ ထောင်ပေါင်းများစွာသော အရပ်သားတွေ အသက် ဆုံးရှုံး ခဲ့ရတာကို လူတွေ သတိမထားမိအောင် အမေရိကန်စစ်ဌာနချုပ် ပန်တဂွန်က ဖုံးဖိနေတယ် လို့ စွပ်စွဲလိုက်ပါတယ်။

အိမ်ဖြူတော်ကတော့ ဝီကီလိခ်စ် ဝက်ဘ်ဆိုက် အနေနဲ့ နောက်ထပ် အချက်အလက် တသောင်းခွဲကို ထပ်မတင်ဖို့ မေတ္တာရပ်ခံ လိုက်ပါတယ်။

မစ္စတာအဆန်က လူတွေရဲ့အသက်ကို ကာကွယ်နိုင်ဖို့ အခုပေါက်ကြားခဲတဲ့ သတင်းအချက် အလက်တွေကို အမေရိကန်အနေနဲ့ ကူညီစိစစ်ဖို့ အခိုင်အမာ ပြောဆိုခဲ့တယ် ဆိုတာကိုတော့ အိမ်ဖြူတော်က ငြင်းဆိုပါတယ်။