ပါကစ္စတန်မှာ ရေကြီးမှုကြောင့် လူတသန်း ဒုက္ခတွေ့

  • 1 ဩဂုတ် 2010
pakistan
Image caption ဒုက္ခသည် အတော်များများက အကူအညီ မရကြ သေးဘူးလို့ ပြော

ပါကစ္စတန်နိုင်ငံမှာ မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုတွေ ဖြစ်ခဲ့ရာ မှာ အနည်းဆုံး လူ၈၀၀ သေဆုံးခဲ့ပြီး လူတသန်းလောက် ဒုက္ခတွေ့ နေကြတယ်လို့ ပါကစ္စတန် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် တဦးက ပြောပါတယ်။

ရေလွှမ်းမိုးရာ ဒေသတွေမှာ လမ်းပန်း ဆက်သွယ်ရေး တွေ ပြတ်တောက်နေတဲ့ အတွက် အဲဒီ နေရာတွေကို ကယ်ဆယ်ရေး ဝန်ထမ်းတွေ အရောက် သွားနိုင်ဖို့ မနည်း ကြိုးစားနေရ ပါတယ်။

ရေဘေး ဒုက္ခသည်တွေအတွက် ယာယီတဲတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ သောက်သုံးရေတွေ၊ အဆင်သင့် စားနိုင်တဲ့ အစားအစာတွေ ထောက်ပံ့ပေးနိုင်ဖို့ ကုလသမဂ္ဂ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ကူညီ ဆောင်ရွက်နေတယ်လို့ ပါကစ္စတန်နိုင်ငံ ကုသမဂ္ဂ လူသားချင်း စာနာ ကူညီရေး အဖွဲ့ အကြီးအကဲက ပြောပါတယ်။

ကျေးရွာတွေ၊ တံတားတွေ၊ လမ်းမတွေ ရေထဲမျောပါသွားပြီး စိုက်ပျိုးခင်း အတော်များများ ပျက်စီးသွားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ချည်မျှင် တတိယ အများဆုံး ထုတ်လုပ်တဲ့ ပါကစ္စတန်နိုင်ငံမှာ အခုနှစ် ဝါဂွမ်း စိုက်ခင်း အများစု ပျက်စီးသွားဖွယ် ရှိတယ်လို့ စိုက်ပျိုးရေး ကျွမ်းကျင်သူတွေ အကြားမှာ စိုးရိမ်နေကြပါတယ်။

ရေလွှမ်းမိုးမှု ဒဏ် အဆိုးဝါးဆုံး ခံခဲ့ရတဲ့ နေရာ တချို့မှာ လူ ၅သိန်းလောက် ရေလွတ်ရာ ကုန်းမြင့်ပိုင်းတွေပေါ်မှာ ခိုလှုံနေရဆဲ ဖြစ်ပြီး တချို့ကတော့ ဗလီကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့ အဲဒီနေရာမှာ သွားရောက် သတင်းယူနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လူထောင်ပေါင်းများစွာကို ရေထဲကနေ ဘေးကင်းရာနေရာဆီ ပါကစ္စတန် စစ်ရဟတ်ယာဉ် တွေနဲ့ ကယ်ဆယ်ခဲ့ပေမဲ့ အတော်များများကတော့ ဘာကယ်ဆယ်ရေး အကူအညီမှ မရဘူးလို့ ပြောနေကြကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။