ပါကစ္စတန် ရေကြီးမှု သေဆုံးသူပေါင်း ထောင်ကျော်

  • 2 ဩဂုတ် 2010
pakistan flood
Image caption ဆက်သွယ်ရေး လမ်းတွေ ပြန်မဖွင့်နိုင်သေး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရေလွှမ်းမိုးမှုအတွင်း သေဆုံးသူပေါင်း တထောင့် တရာ ကျော်သွားပြီလို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေလွှမ်းမိုးမှုဒဏ် အဆိုးဝါးဆုံး ခံခဲ့ရတဲ့ နိုင်ငံ အနောက်မြောက်ပိုင်း ဒေသမှာ ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေကို စစ်တပ်ဖွဲ့ဝင် ၃ သောင်း လောက်ကလည်း ကူညီ ဆောင်ရွက်နေပါတယ်။

လာမဲ့ ၂၄ နာရီအတွင်း နောက်ထပ် မိုးရွာသွန်းမှုတွေ ရှိနိုင်တယ် လို့ စိုးရိမ်နေကြပြီး တချို့ နေရာတွေမှာ နောက်ထပ် ရေကြီးမှုတွေနဲ့ ရင်ဆိုင် ရဖွယ် ရှိနေပါတယ်။

နိုင်ငံရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို သွယ်တန်းထားတဲ့ အဝေးပြေး လမ်းမကြီးရဲ့ တစိတ်တပိုင်းကို တနင်္ဂနွေနေ့က ပြန်ဖွင့် ခဲ့ပေမဲ့ အခု ပြန်ပိတ် လိုက်ရတယ်လို့ သတင်းတွေက ဆိုပါတယ်။

ICRC နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Mike O'Brien က ရေလွှမ်းမိုးမှု တွေကြောင့် ရေရှည် မှာ အကြီးအကျယ် ထိခိုက်နစ်နာမှုတွေ ဖြစ်လာလိမ့်မယ်လို့ ဘီဘီစီကို ပြောပါတယ်။

စိုက်ခင်းတွေလည်း ထိခိုက်ပျက်စီးခဲ့ပြီး ရာသီ အမှီ ပြန်စိုက်နိုင်ဖို့ အချိန် မမှီတော့ဘူးလို့ သူက ပြောပါတယ်။

ရေဘေး ဒုက္ခသည်တွေအတွက် စားနပ် ရိက္ခာ၊ သောက်သုံးရေ၊ ယာယီတဲတွေနဲ့ ဆေးဝါးတွေ အကူအညီပေးဖို့ ပန်ကြားချက်ကို ကုလသမဂ္ဂ အဖွဲ့ကြီးက တုန့်ပြန် ဆောင်ရွက်နေတယ်လို့ ပါကစ္စတန် သဘာဝဘေး ကာကွယ်ရေး အဖွဲ့ဥက္ကဌ က ပြောပါတယ်။

အမေရိကန်အစိုးရကလည်း ရေဘေး ဒုက္ခသည်တွေ အတွက် အရေးပေါ် အကူအညီငွေ ဒေါ်လာ ၁၀ သန်း ပေးမယ်လို့ ထုတ်ဖေါ် ကြေညာလိုက်ပါတယ်။