ပါကစ္စတန်ရေဘေး လူတစ်သန်းခွဲ ထိခိုက်

  • 2 ဩဂုတ် 2010
Floods victims
Image caption ရေကျလာပြီမို့ လူတွေကိုယ့်ရပ်ရွာကို ပြန်နေကြပြီ။

ပြီးခဲ့တဲ့ အပတ်က သဲသဲမဲမဲ ရွာနေခဲ့တဲ့ မိုးအခုတော့ ရပ်သွားပြီမို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပိုပြီးလုပ်လာနိုင်ပြီလို့ သိရပါတယ်။

ဒါပေမယ့် ဒေသအကျယ်ကြီးမှာ လူပေါင်းတစ်သန်းခွဲလောက် ထိခိုက်ခဲ့တဲ့ သဘာဝဘေးကြီး ဆိုတော့လဲ ကယ်ဆယ်ရေးက အလျင်မမီနိုင်အောင် ရှိနေဆဲပါ။ ရေတွေပြန်မကျသေးပဲ အိမ်တွေမြုပ်ပြီး လူတွေက ပိတ်မိနေတာတွေလည်း နေရာ အများကြီးမှာ ရှိနေပါသေးတယ်။ အဆိုးဆုံး ရေနစ်မြုပ်မှုတွေ ရှိခဲ့တဲ့ ဆွပ်တောင်ကြားမှာဆို လူပေါင်း နှစ်သောင်း ခုနှစ်ထောင်လောက်ကို ရေဘေးလွတ်ရာ ပို့ပေးဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက ကျိုးစားနေကြရတုန်းပါပဲ။

လမ်းတွေက ရေအောက်ရောက်ပြီး တံတားတွေလည်း ကျိုးပျက်နေတော့ ပိတ်မိသူတွေဆီ အရောက်သွားဖို့ ခက်နေတယ်လို့ ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး Qamar Zaman Kaira က ပြောပါတယ်။

ခိုင်ဘာပတွန်ကွာဒေသ တစ်ခုတည်းမှာပဲ ရဟတ်ယာဉ် အစီး၃၀ နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ချပေး၊ လူတွေကို နေရာရွှေ့ပေးနေပါတယ်။ လမ်းတွေပိတ်နေတော့ ရဟတ်ယာဉ်တစ်မျိုးထဲနဲ့ သွားလို့ရနေပါတယ်လို့ပြောသွားတာပါ။ ရာသီဥတုဆိုးတဲ့ အခါလည်း ရဟတ်ယာဉ်တောင် သွားလို့မရပါဘူးလို့ ဝန်ကြီးက ဘီဘီစီကို ပြောပြပါတယ်။

ပါကစ္စတန် စစ်တပ်က စစ်သား သုံးသောင်းကျော်လည်း အခု ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးနေကြပါတယ်။

အမေရိကန် စစ်တပ် ရဟတ်ယာဉ်တွေလည်း အစ္စလာမ် ဘာသာရေးအရ ခွင့်ပြုတဲ့ ဟာလာလ် အစားအသောက် ရိက္ခာထုတ်တွေကို ရေဘေးသင့် လူထုရှိရာ နေရာတွေမှာ ချပေးနေတာ တွေ့ရပါတယ်။

ရေဘေးက လွတ်လာ ထွက်ပြေးလာသူတွေလည်း သောင်းနဲ့ချီပြီး ကျောင်းတွေ၊ ဆေးရုံတွေမှာ စုပြုံနေ နေကြပါတယ်။ ကယ်ဆယ်ရေး အကူအညီတွေ မြန်မြန်ဆန်ဆန် ရောက်မလာတာကို ဒေသခံတွေက အစိုးရကို အပစ်တင်ကြပါတယ်။ ရွာသား အူစမန် အူလာကတော့ အာဏာပိုင်တွေဟာ ရေလွှမ်းမိုးမှု ဖြစ်နေတာကို ကြိုပြီး အသိမပေးတဲ့ အတွက် သူ့ရွာသားတွေ ရေလွတ်ရာကို မပြေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ရေတွင်းရေကန်တွေလည်း ရွှံ့ရေတွေအောက် ရောက်နေတဲ့အတွက် သောက်သုံးရေသန့် ရရေးဟာ အရေးတကြီး လိုအပ်နေပါတယ်။ တခါ ရေတွေထဲမှာ နေနေရတဲ့ လူတွေကြားမှာ ရေကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတွေ ပြန့်ပွားလာမှာကို စိုးရိမ်ရတဲ့ အတွက် ကယ်ဆယ်ရေးအဖွဲ့တွေက လိုအပ်တဲ့ ဆေးဝါးတွေကို အရောက်ပို့ပေးဖို့ လည်း စီစဉ်နေကြပါတယ်။