ကရာချိ မြို့မှာ အကြမ်းဖက်မှုတွေ ဖြစ်နေ

  • 3 ဩဂုတ် 2010

ပါကစ္စတန် နိုင်ငံ ကရာချိ မြို့မှာ ဖြစ်ခဲ့တဲ့ နိုင်ငံရေး အကြမ်းဖက်မှုကြောင့် ခုချိန်ထိ သေဆုံးခဲ့ရသူပေါင်း ၄၃ ယောက် ရှိသွားပြီလို့ သိရပါတယ်။

Image caption ကရာချိမြို့က လမ်းမတွေပေါ်မှာ လူသူ ကင်းမဲ့ နေ

ဒီ အကြမ်းဖက်မှု တွေဟာ တနင်္လာနေ့က ဒေသ ဆိုင်ရာ အူရဒူ နိုင်ငံ ရေးသမား ရာဇာ ဟိုင်ဒါကို ပစ်ခတ် သတ်ဖြတ်မှု ဖြစ်ခဲ့ အပြီး ပေါ်ပေါက် လာခဲ့ တာပါ။

ကရာချိ မြို့က လမ်းမတွေ ပေါ်မှာ လူသွား လူလာ ကင်းမဲ့ နေပြီး အနီးနား ဝန်းကျင် နေရာ အတော် များများမှာ သေနတ် သမားတွေက လက်နက်တွေ ကိုင်ဆောင် သွားလာ နေကြ တယ်လို့ မျက်မြင် သက်သေ တွေက ပြော ပါ တယ်။

MQM ပါတီက သြဇာ တိက္ကမ ကြီးမားတဲ့ မစ္စတာ ဟိုင်ဒါဟာ ဗလီ တစ်ခုမှာ ပြုလုပ်တဲ့ အသုဘ အခမ်းအနားမှာ သတ်ဖြတ် ခံခဲ့ရတာပါ။ MQM ပါတီဟာ ရှီအိုက် မွတ်ဆလင် အများစုနဲ့ ဖွဲ့စည်းထားပြီး အူရဒူ စကားပြောတဲ့ လူ့ဘောင် အသိုင်း အဝိုင်းမှာ တွင်ကျယ် နေတဲ့ ပါတီဖြစ်ပါတယ်။

မစ္စတာ ဟိုင်ဒါ သတ်ဖြတ် ခံရတာနဲ့ ပတ်သက်လို့ သူ့ ပါတီကတော့ ပြိုင်ဘက် ပထန် လူမျိုးတွေရဲ့ Pashtun ပါတီ ANP ကို စွပ်စွဲပါတယ်။ MQM နဲ့ ANP ပါတီတို့ အကြားမှာ သွေးမြေကျ ခဲ့ရတဲ့ ပဋိပက္ခ တွေ အရင်တုန်းကလည်း ရှိခဲ့ဖူးပါတယ်။

ကရာချိ မြို့မှာ တိုင်းရင်းသား လူမျိုးစုတွေ၊ ဘာသာရေး အယူဝါဒ မတူသူ တွေကြား သဘောထား ကွဲလွဲမှု တွေကြောင့် သွေးထွက်သံယို ဖြစ်ခဲ့ရတဲ့ သမိုင်းကြောင်း ရှည်ကြီး ရှိခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ က ရှီအိုက်ဘာသာရေး အခမ်းအနား တစ်ခုကို ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရ ပြီးတဲ့ နောက် နှစ်ဘက် အကြား တင်းမာမှုတွေ ပြင်းထန်လာခဲ့တာပါ။ ဒီနှစ်ထဲမှာ အခုချိန်ထိ ဘာသာရေးနဲ့ နိုင်ငံရေး အကြမ်းဖက်မှု တွေကြောင့် လူပေါင်း သုံးရာ ထက်မနည်း သေဆုံး ခဲ့ကြရ ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း သေဆုံးခဲ့သူ အများစု ကတော့ Pushtun တွေ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။