ကင်ညာ ဖွဲ့စည်းပုံ ပြည်သူကို အကာအကွယ် ပေးမလား

  • 4 ဩဂုတ် 2010

ကင်ညာ ခေါင်းဆောင်တွေက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်တဲ့ လူထု ဆန္ဒ ခံယူပွဲ ကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ကို ထောက်ခံကြ လိမ့်မယ်လို့ ယုံကြည် နေကြပါတယ်။

သမ္မတ မွိုင် ကီဘားကီးက လူတွေ အေးအေး ဆေးဆေး မဲပေးခဲ့ကြတာကို ဝမ်းမြောက် တဲ့ အကြောင်း ပြောခဲ့သလို ဝန်ကြီးချုပ် ရေလာ အိုဒင်းဂါး ကလည်း နိုင်ရိုဘီက သူ့ မဲဆန္ဒ နယ်မှာ မဲပေး အပြီး ပြောခဲ့ရာမှာ ကင်ညာ လူထုဟာ သူတို့ ကြမ္မာကို သူတို့ ဖန်တီးနိုင်ခွင့် အတွက် ဆုံးဖြတ်ကြမှာမို့ ဒီကနေ့ဟာ လွတ်လပ်ရေး ရပြီး နောက်ပိုင်း ကင်ညာ နိုင်ငံ သမိုင်းမှာ အရေးကြီးဆုံး နေ့ တစ်နေ့ လို့ ဆိုခဲ့ပါတယ်။

Image caption မဲပေးဖို့ မဲရုံတွေရှေ့မှာ တန်းစီ စောင့်နေ သူများ

မဲရုံတွေ အပြင်ဘက်မှာ မဲပေးဖို့ တန်းစီ နေကြတဲ့ လူတွေနဲ့ ပြည့်နေတာကြောင့် မဲပေးသူ များပြား ပါတယ်။

ဒီ ဥပဒေသစ်ဟာ ကင်ညာ နိုင်ငံရေးကို ပြုပြင် ပြောင်းလဲဖို့နဲ့ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် ဒီဇင်ဘာ လက အထွေထွေ ရွေးကောက်ပွဲ အပြီး ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု မျိုးတွေ မဖြစ်အောင် ရှောင်ရှား နိုင်ရေး အတွက် ရည်ရွယ်တဲ့ ဆောင်ရွက်မှု တွေကို အဓိကထားတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။ ၂၀၀၇ ခုနှစ်က ရွေးကောက်ပွဲ အပြီး ပေါ်ထွက်လာတဲ့ ရလဒ် အပေါ် အငြင်းပွားမှုတွေကြောင့် လူ တစ်ထောင်ကျော် သေဆုံးခဲ့ကြရ ပါတယ်။

ဒီဖွဲ့စည်းပုံ အသစ်မှာ သမ္မတရဲ့ အခွင့်အာဏာကို ကန့်သတ်ထားပြီး၊ လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး ကိစ္စကို ကိုင်တွယ် ဖြေရှင်း ရေးကိစ္စလည်း ပါဝင်ပါတယ်။ မြေယာပိုင်ဆိုင်မှုတွေ နဲ့ပတ်သက်လို့ အငြင်းပွားလာရင် ဖြေရှင်းဖို့ ကော်မရှင်တစ်ခု ဖွဲ့ရေးဆိုတဲ့ ကိစ္စပါဝင်ပါတယ်။

ကင်ညာမှာ လက်ရှိ ကျင့်သုံးနေတဲ့ အခြေခံဥပဒေက ၁၉၆၀ ပြည့် အစောပိုင်း နှစ်တွေက ဗြိတိသျှတို့နဲ့ လန်ဒန်မှာညှိနှိုင်း ရေးခဲ့တဲ့ ဥပဒေပါ။

မဲမပေးဖို့ စည်းရုံး လှုပ်ရှားနေကြတဲ့ ရစ်ဖ်တောင်ကြား ပြည်နယ်မှာတော့ အခြေအနေတွေက တင်းမာနေတယ်လို့ ဘီဘီစီ သတင်းထောက် တွေက ပြောပါတယ်။

အခြေခံ ဥပဒေသစ်ကို ထောက်ခံသူတွေကတော့ မြေယာ ပြုပြင် ပြောင်းလဲရေး တွေ ပါတဲ့ ဥပဒေသစ် အသက်ဝင်လာရင် အရင်က မြေယာတွေကို မတရား ယူထားတဲ့ လူတွေဆီက မြေယာတွေကို ပြန် သိမ်းယူနိုင် မှာကြောင့် ထောက်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ကန့်ကွက် သူ တွေကတော့ အခြေခံ ဥပဒေသစ်ဟာ လူမျိုးရေး ခွဲခြားမှုတွေ ပိုဖြစ်စေပြီး လူထု အုံကြွမှုတွေ ပြန်ဖြစ်စေနိုင် တယ်လို့ ပြောနေကြ ပါတယ်။