မြောက်ကိုရီးယားရေဘေး ရွာဖြို ခင်းဖြို

  • 6 ဩဂုတ် 2010

မြောက်ကိုရီးယား နိုင်ငံမှာ အကြီးအကျယ် ရေကြီးမှု ဖြစ်လို့ အခြေခံ လမ်း၊ တံတား အစရှိတဲ့ အခြေခံ အဆောက် အဦးတွေ အကုန် ပျက်စီးကုန် ပြီလို့ ဘီဘီစီက မြောက်ကိုရီးယား နိုင်ငံထဲ ရောက်နေတဲ့ သူတွေကို မေးမြန်း သိရှိရပါတယ်။

Image caption မြောက်ကိုရီးယားနဲ့ နယ်စပ်ကပ်နေတဲ့ တရုတ်ပြည် ရေကြီးမှု မြင်ကွင်း

ဒီရေကြီးမှုက မြောက်ကိုရီးယား နိုင်ငံရဲ့ ပြည်နယ် အားလုံး နီးပါးက မြို့တွေ ရွာတွေ အများကြီးကို ထိခိုက်စေပြီး လူနေ အိမ်တွေ၊ အဆောက် အဦး တွေကို ဖျက်ဆီး ပစ်လိုက် သလို စိုက်ခင်းတွေ အကုန်လုံး ကိုလည်း ရေတွေ လွှမ်းကုန် တယ်လို့ မြောက်ကိုရီးယား နိုင်ငံထဲက နိုင်ငံတကာ ကြက်ခြေနီ တပ်ဖွဲ့ တစ်ဖွဲ့က ပြောပါတယ်။

ပက်ချုံမြို့မှာဆိုရင် သန့်ရှင်းတဲ့ သောက်သုံးရေ မရှိတော့ဘူးလို့ ဆိုပါတယ်။ မီးရထား လမ်းတွေနဲ့ ကားလမ်း တွေလည်း ပြတ်တောက် ကုန်ပြီး၊ တံတား တွေလည်း ကျိုးကျပြီး ရေထဲ မျောပါသွား တယ်လို့ သိရပါတယ်။

အိမ်တွေ ရေထဲပါသွားတဲ့ ရေဘေးဒုက္ခသည် မိသားစု တွေကိုတော့ ကြက်ခြေနီ အဖွဲ့က အရေးပေါ်သုံး ပစ္စည်းတွေ စပြီး အကူအညီ ပေးနေ ပါတယ်။ ဟမ်ရောင်း တောင်ပိုင်း ပြည်နယ် မှာတော့ ကျေးရွာ ဆေးခန်းတွေနဲ့ ဆေးရုံတွေ ပျက်ဆီး သွားတာလို့ လူတွေ ယာယီတဲတွေနဲ့ နေနေ ကြတာကို ကြက်ခြေနီ အဖွဲ့က တွေ့ခဲ့ကြ ပါတယ်။

လူဘယ်လောက် သေသလဲ ဆိုတာကိုတော့ မသိသေးပါဘူး။ ကြက်ခြေနီ အဖွဲ့ရဲ့အပြော အရတော့ အခုနှစ် ရေကြီးမှုဟာ လူ အသေ အပျောက်တွေ အများကြီး ဖြစ်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ရေကြီးမှု လောက်တော့ မဆိုးရွား လှပါဘူးလို့ သိရပါတယ်။

ဒါပေမဲ့ အဲဒီ ၂၀၀၇ ရေကြီးပြီး ကတည်းက မြောက်ကိုရီးယားရဲ့ လမ်းပန်း ဆက်သွယ်ရေး စတဲ့ အခြေခံ အဆောက် အဦးတွေ ကတော့ တဖြည်းဖြည်းနဲ့ ပျက်စီး ယိုယွင်း ခဲ့တာကြောင့် ဒီတစ်ခေါက် ရေကြီးမှုက ဒီအခြေခံ အဆောက်အဦး တွေကို ပိုပြီး ဆိုးရွား ပျက်စီးစေမှာ ဖြစ်ပါတယ်။