အယ်လ် ရှာဘက်ဘ်နဲ့ ဆက်နွယ် နေသူတွေကို တရားစွဲ

  • 6 ဩဂုတ် 2010
al shabab
Image caption အယ်လ် ရှာဘက်ဘ် အဖွဲ့ဟာ ဆိုမားလီးယား နိုင်ငံ မှာ အခြေစိုက်

ဆိုမားလီးယားနိုင်ငံမှာ အခြေစိုက်တဲ့ အယ်လ် ရှာဘက်ဘ် အစ္စလာမစ် အစွန်းရောက် အဖွဲ့ကို ငွေကြေးထောက်ပံ့ ကူညီမှုတွေ လုပ်ခဲ့တယ်ဆိုပြီး အကြမ်းဖက် မှု စွဲချက်နဲ့ လူ၁၄ ဦးကို အမေရိကန် အစိုးရ က တရားစွဲဆိုလိုက်ပါတယ်။

အဲဒီ စွဲချက်တွေဟာ မင်နက်ဆိုတာ၊ အယ်လာဘာမား နဲ့ ကယ်လီဖိုးနီးယား ပြည်နယ်တွေမှာ စွဲဆိုထားတဲ့ သီးခြား စွဲချက် ၄ခုကို အခြေခံပြီး စွဲဆိုလိုက်တာ ဖြစ်ပါတယ်။

အဲဒီလူတွေ အားလုံးဟာ အမေရိကန် နိုင်ငံသား ဆိုမားလီးယား လူမျိုးတွေ ဖြစ်ကြပါတယ်။

တရားစွဲခံထားရသူတွေထဲက တချို့ဟာ ဆိုမားလီးယားမှာရှိတဲ့ အယ်လ် ရှာဘက်ဘ် အဖွဲ့ အတွက် တိုက်ခိုက်ဖို့ အမေရိကန်နိုင်ငံထဲကနေ ထွက်ခွာသွားကြပြီလို့ ဆိုပါတယ်။

တချို့ကတော့ အဲဒီအဖွဲ့အတွက် ဆိုမားလီးယား လူမျိုးအသိုင်းအဝိုင်းအတွင်းမှာ ရံပုံငွေ ကောက်ခံ စုဆောင်းခဲ့တယ် ဆိုပြီး တရားစွဲ ခံထားရပါတယ်။

အဲဒီလို ငွေကြေးကောက်ခံရာမှာ တခါတလေမှာ ပရဟိတ လုပ်ငန်းအတွက် ဆိုပြီး ယောင်ဆောင် ကောက်ခံတာမျိုးရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီလူတွေကို အခုလို ဖမ်းဆီးပြီး တရားစွဲဆိုလိုက်ခြင်းဟာ အယ် ရှာဘက်ဘ် လို အကြမ်းဖက် အဖွဲ့မျိုးတွေကို အားပေး ကူညီဖို့ ပြင်နေသူ မှန်သမျှ ဒီလို ထပ်မလုပ်ရဲအောင် သတိပေး လိုက်တာ ဖြစ်တယ်လို့ အမေရိကန် ရှေ့နေချုပ် Eric Holder က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ယူဂန်ဒါနိုင်ငံမှာ ဗုံး ဖေါက်ခွဲ တိုက်ခိုက်မှု တခုကို အယ်လ် ရှာဘက်ဘ် အဖွဲ့က လုပ်ခဲ့အပြီးမှာ ဒီအဖွဲ့နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးထွားလာခဲ့တာပါ။

အယ်လ် ရှာဘက်ဘ် အဖွဲ့ဟာ ဆိုမားလီးယား နိုင်ငံတွင်းမှာ အသေခံ ဗုံးခွဲမှုတွေ လုပ်ရာမှာ အမေရိကန် နိုင်ငံသား ဆိုမားလီးယားလူမျိုးတွေကို အသုံးပြု နေတယ်လို့ ယူဆရပါတယ်။

၂၀၀၆ ခုနှစ်ကတည်းက ဆိုမားလီးယား အစိုးရကို လက်နက်ကိုင် တိုက်လာခဲ့တဲ့ အယ်လ် ရှာဘက်ဘ် အဖွဲ့ဟာ အစ္စလာမစ် အစိုးရအဖွဲ့ တခု ထူထောင်ဖို့ လိုလားနေပြီး လက်နက်ကိုင် အဖွဲ့ဝင်ပေါင်း ထောင်နဲ့ ချီ ရှိတယ်လို့ ဆိုပါတယ်။