အီရတ်ကို ဝံပုလွေတွေလက်ထဲ မထည့်ပါနဲ့

  • 6 ဩဂုတ် 2010

အကျဉ်းကျခံနေရပြီး ခုနစ်နှစ် အတွင်း ပထမဆုံး ပြောကြားခဲ့တဲ့ အင်တာဗျူးမှာ အီရတ် ဒုတိယ ဝန်ကြီးချုပ် ဟောင်း တာရစ်အဇစ်က သူ့ သမ္မတ ဆက်ဒမ်ကို ကာကွယ် ပြောကြားပြီး သမ္မတ အိုဘားမားကို ဝေဖန်ခဲ့ ပါတယ်။

အီရတ်နိုင်ငံမှာ သမ္မတ ဆက်ဒမ် ဟူစိန်ကို အမေရိကန် ဦးဆောင်တဲ့ တပ်တွေ က ဖယ်ရှား ခဲ့ပြီး နောက်ပိုင်းမှာ ဖမ်းဆီး ခံခဲ့ရတဲ့ တာရစ် အဇစ်ကို လန်ဒန် အခြေစိုက် ဂါးဒီးယန်း သတင်းစာက အင်တာဗျူးခွင့် ရခဲ့တာမှာ အခုလို ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

Image caption တည်ငြိမ်အေးချမ်းတဲ့ အီရတ် မဖြစ်ဘဲ အမေရိကန်တပ်တွေ မထွက်ဖို့ ပြောတဲ့သူ

ကြိုးပေး သတ်ဖြတ်ခံခဲ့ရတဲ့ အီရတ် သမ္မတ ဆက်ဒမ် ဟူစိန်နဲ့ ပတ်သက်ပြီး အနောက် နိုင်ငံတွေရဲ့ ဆက်ဒမ် အပေါ် သုံးသပ် ဆုံးဖြတ် ချက်ဟာ မှားတယ်လို့ လက်ရှိ အီရတ် နိုင်ငံ၊ ဘက္ကဒက် မြို့မှာ အကျဉ်းကျ ခံနေရတဲ့ တာရစ် အဇစ်က ပြောပါတယ်။

ဆက်ဒမ်ဟာ တိုင်းပြည်အကျိုး တကယ် သယ်ပိုး ခဲ့သူ ဆိုတာ သမိုင်းက သက်သေ ပြလိမ့်မယ်၊ အခုတော့ အီရတ်ဟာ အများကြီး ပျက်စီးသွားပြီ လို့ တာရစ်အဇစ် က ပြောပါတယ်။

သမ္မတ အိုဘားမားရဲ့ သမ္မတလောင်း ဘဝက မဲဆွယ် ကတိအတိုင်း အီရတ်က အမေရိကန် တပ်ဖွဲ့ဝင်တွေ ပြန်ရုတ်သိမ်းဖို့ ခပ်သွက်သွက် လုပ်ဆောင်နေတာ ကိုတော့ တာရစ်အဇစ် က ဝေဖန် ပြောကြား လိုက်ပါတယ်။

``သမ္မတ ဆက်ဒမ်ဟာ အီရတ်ကို အနှစ် ၃၀ တည်ဆောက် ခဲ့တယ်၊ အခုတော့ အီရတ်ဟာ ပျက်စီးခဲ့ပြီ။ အိုဘားမား တက်လာတုန်းက ဘုရှ် လုပ်ခဲ့တဲ့ အမှား တွေကို ပြင်လိမ့်မယ် အောက်မေ့ခဲ့တာ၊ အိုဘားမားကလည်း ကြောင်သူတော် ပါလားဗျ၊ ဝံပုလွေတွေ လက်ထဲ အီရတ်ကို ထည့်ပေးနေတယ်``လို့ အင်္ဂလိပ် ဘာသာစကား ကျွမ်းကျွမ်း ကျင်ကျင် ပြောတတ်တဲ့ တာရစ်အဇစ်က ပြောပါတယ်။

အီရတ်နိုင်ငံ ပြန်လည် တည်ငြိမ် အေးချမ်းမှု မရှိဘဲ အမေရိကန် တပ်တွေ ပြန်သွားကြရင် အီရတ်ဟာ အကြီးအကျယ် နစ်နာ ဆုံးရှုံးလိမ့်မယ်လို့ တာရစ် အဇစ် က ထောက်ပြ ပြောဆို ခဲ့ပါတယ်။

တာရစ်အဇစ်ဟာ ဆက်ဒမ်အစိုးရ ကိုယ်စားပြုသူ အဖြစ် နှစ်ပေါင်း များစွာ ကမ္ဘာ့ မီဒီယာတွေမှာ တွေ့ခဲ့ရသူပါ။

Image caption အရင်က တာရစ် အဇစ်

``ကျွန်တော်တို့ အားလုံးဟာ အမေရိကန် နဲ့ ဗြိတိသျှတို့ရဲ့ သားကောင် တွေပါ၊ ကျွန်တော်တို့ တိုင်းပြည်ကို နည်းမျိုးစုံ နဲ့ ဖျက်ဆီး ခဲ့တယ်။ အမှား တစ်ခု လုပ်မိရင် ဒီအမှားကို ပြင်ရမယ် မဟုတ်လား၊ အီရတ်ကို ဒီအတိုင်း အပျက်အစီး ပုံထဲမှာ မထားခဲ့ ရဘူး``လို့ အကျဉ်းကျ နေတာ ခုနစ်နှစ် ရှိလာ နေပြီ ဖြစ်တဲ့ ဒုတိယ ဝန်ကြီးချုပ် ဟောင်းက ဂါးဒီးယန်း သတင်းစာကို ပြောခဲ့ ပါတယ်။

``သူ့ခေါင်းဆောင်ကြီးကို သူချစ်ခင်တယ်၊ လေးလည်း လေးစားတယ်၊ (ဆက်ဒမ်) ဆုံးဖြတ် လုပ်ကိုင် ခဲ့တာတွေ အတွက် အပြစ် မတင်ချင်ဘူး။ ချာချီရော အမှား မလုပ်ခဲ့ဘူးလား၊ ဂေါ်ဒန် ဘရောင်းရော မမှားခဲ့ ဘူးလား``လို့ ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်းတွေရဲ့ နာမည်ကို ထုတ်ဖော်ပြီး သူက မေးခွန်းတောင် ပြန်ထုတ် ပါတယ်။

ဆက်ဒမ်ရဲ့ အမှားတွေကို သူ မပြောချင်ဘူးလို့ ဆိုပေမယ့် ဘယ်တော့မှ မပြောတော့ဘူး လို့တော့ တာရစ် အဇစ် က မပြောခဲ့ပါဘူး။

``အမှားတွေအတွက် အခု နောင်တရပါပြီလို့ သူပြောရင် လူတွေက သူ့ကို အခွင့်အရေး သမားလို့ ထင်ကြမယ်၊ လူဟာ လွတ်လပ်သူ တစ်ယောက် မဟုတ်သေး သရွေ့ ဆက်ဒမ် မကောင်းကြောင်း မပြောဘူး။

ပညာဆိုတာ လွတ်လပ်မှုရဲ့ အစိတ်အပိုင်းပဲ ဖြစ်တယ်၊ လွတ်လပ်သူ တစ်ယောက် ဖြစ်လာရင်တော့ အမှန်တွေကို ရေးသား နိုင်မယ်၊ မိတ်ဆွေကောင်းကြီး ဖြစ်ခဲ့တဲ့ သူရဲ့ အမှားတွေ အလွဲတွေတောင် ထောက်ပြကောင်း ထောက်ပြနိုင်မယ်``လို့ အီရတ် ဒုတိယ ဝန်ကြီးချုပ်ဟောင်း အကျဉ်းသားကြီး တာရစ်အဇစ်က ပြောခဲ့ပါတယ်။