ကန်ကာကွယ်ရေး ဘတ်ဂျက် အတိုးအလျှော့လုပ်

  • 9 ဩဂုတ် 2010
Pentagon
Image caption ပင်တဂွန် ဘတ်ဂျက် အပြောင်းအလဲ ကာကွယ်ရေး ဝန်ကြီး ကြေညာ

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အသုံးစရိတ် တချို့ကို လျှော့ချပြီး ပိုအကျိုးရှိရှိ အသုံးပြုနိုင်မဲ့ နေရာတွေမှာ ပြန်ဖြည့်မယ်လို့ ကာကွယ်ရေး ဝန်ကြီး ရောဘတ် ဂိတ်က ကြေညာ လိုက်ပါတယ်။

အဓိက ပူးတွဲ စစ်ဆင်ရေးဌာန တခုကို ပိတ်ပစ်ပြီး ပင်တဂွန်က ကန်ထရိုက် ပေးနေတဲ့ ကုမ္ပဏီ အရေအတွက်ကိုလည်း လျှော့ချမှာ ဖြစ်ပါတယ်။

ဒါတောင်မှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဒီနှစ် အသုံးစရိတ်ဟာ ဒေါ်လာ ဘီလီယံ ၇၀၀ အထက်မှာ ရှိလိမ့်မယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ခန့်မှန်း ထားပါတယ်။

အမေရိကန် ကာကွယ်ရေး အသုံးစရိတ်ဟာ ကမ္ဘာမှာ အကြီးဆုံး ဖြစ်ပြီး စက်တင်ဘာ ၁၁ရက် တိုက်ခိုက်မှု နောက်ပိုင်းကစပြီး နှစ်စဉ်လိုလို မှန်မှန် တက်လာခဲ့တာ ဖြစ်ပါတယ်။

အရင်နှစ်တွေမှာ ကာကွယ်ရေး ဌာနက ပိုက်ဆံ တိုးတောင်းရင် အမေးအမြန်းမရှိ ချပေးတတ်ပေမဲ့ ခုအမေရိကန် စီးပွားရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ကိုးနှစ် အတွင်းမှာ ပထမဆုံး အကြိမ်အဖြစ် ကာကွယ်ရေး ဝန်ကြီးဌာနဟာ သူ့အသုံးစရိတ်ကို ဘယ်နေရာမှာ ဘာ့ကြောင့် သုံးဖို့ လိုသလဲဆိုတာ အကြောင်းပြ နေရပါပြီ။

ဒီအတွက်ကြောင့်ပဲ ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်က သူ့ဌာနရဲ့ ပိုက်ဆံ သုံးစွဲပုံကို အပြောင်းအလဲ လုပ်မယ်လို့ ကြေညာလာတာ ဖြစ်ပါတယ်။

ပြောခဲ့သလို ဝန်ထမ်း ငါးထောင်ထိ ရှိတဲ့ ပူးတွဲ စစ်ဆင်ရေးဌာန တခုကို ပိတ်ပစ်မှာ ဖြစ်သလို ကြဉ်းတပ်နဲ့ ရေတပ်က ဗိုလ်ချုပ်ကြီးတွေ အရေအတွက်နဲ့ စစ်တပ်ထဲက အရပ်ဘက် အရာထမ်း အရေအတွက်ကိုလည်း လျှော့ချမှာ ဖြစ်ပါတယ်။

ဒီလို လျှော့ချရာကနေ ထွက်လာမဲ့ ပိုက်ဆံတွေကို တခြားဌာနတွေမှာ ဖြည့်သုံးသွားမယ်လို့ ဆိုပါတယ်။

ပိုက်ဆံ သုံးစွဲမှု အပြောင်းအလဲ လုပ်တာဟာ စစ်သုံး ဘတ်ဂျက် လျော့သွားစေမှာ မဟုတ်ပေမဲ့ ရောဘတ်ဂိတ်ကတော့ ထောက်ပို့ပိုင်းမှာ ဖြတ်တောက်မှုတွေ လုပ်တာကို ကြည့်ရင် ကာကွယ်ရေး ဌာနဟာ ပိုက်ဆံကို အကျိုးရှိရှိ သုံးစွဲနေတာကို ပြနေတယ်လို့ ရောဘတ်ဂိတ်က ပြောသွားပါတယ်။