ကုလ မြန်မာနိုင်ငံလူ့အခွင့်အရေး ကိုယ်စားလှယ် ထိုင်းရောက်

  • 9 ဩဂုတ် 2010

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာတောမတ်စ် အိုဟေး ကင်တားနားဟာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီး မြန်မာ့ လူ့အခွင့်အရေး အတွက် လှုပ်ရှားနေတဲ့ ပြည်ပရောက် အဖွဲ့အစည်းတွေနဲ့ ၄ ရက်ကြာ လှည့်လည်တွေ့ဆုံခဲ့ပါတယ်။

မစ္စတာကင်တားနားရဲ့ ခရီးစဉ်ဟာ လာမယ့်အောက်တိုဘာလအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေကို အစီရင်ခံစာ တင်သွင်းဖို့အတွက် သတင်းအချက်အလက်တွေ စုဆောင်းရအောင် လာရောက်တာဖြစ်ပါတယ်။

မစ္စတာကင်တားနားကို ဆက်သွယ်ကြည့်တော့ လောလောဆယ် သတင်းမီဒီယာတွေနဲ့ တိုက်ရိုက် စကားမပြောချင်သေးဘူးလို့ ဆိုပါတယ်။

ဒီကနေ့သူနဲ့ တွေ့ခဲ့တဲ့ ထိုင်းအခြေစိုက် လူ့အခွင့်အရေး ပညာပေးရေးဌာန (မြန်မာနိုင်ငံ) HREIB အဖွဲ့ရဲ့ဆော်သြရေး တာဝန်ခံ မချယ်ရီဇာဟောင်းက လူ့အခွင့်အရေးပညာပေးမှု အခြေအနေနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု အခြေအနေတွေကို မေးမြန်းသွားတယ်လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) AAPPနဲ့ မစ္စတာ ကင်တားနားတွေ့ဆုံခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မစ္စတာကင်တားနားကိုရှင်း ပြခဲ့တယ်လို့ AAPP ကပြောပါတယ်။

မြန်မာအစိုးရက သူတို့ဟာ ရွေးကောက်ပွဲကျင်းပဖို့ အတွက် အလုပ်များ နေတာမို့ မစ္စတာကင်တားနားကို မြန်မာနိုင်ငံဆီ လာရောက်ဖို့ အဆင်မပြေသေးဘူးလို့ ပြောခဲ့တဲ့အတွက် သူဟာ မြန်မာနိုင်ငံကို သွားနိုင်မှာ မဟုတ်ပါဘူး။

မစ္စတာကင်တားနားဟာ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ ချင်းမိုင်မြို့တွေမှာ ခရီးလှည့်လည်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။

မဲဆောက် မြို့ကိုရောက်စဉ်မှာ မဲလဒုက္ခသည်စခန်းကိုလည်း သွားခဲ့ပါတယ်။

မနက်ဖြန် အင်္ဂါနေ့မှာတော့ မြန်မာ့လူ့အခွင့် အရေးအခြေအနေနဲ့ ပတ်သက်ပြီး စုံစမ်းဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ အင်ဒိုနီးရှားနိုင်ငံကို ခရီးဆက်မယ်လို့ သူ့လက်ထောက်တဦးက ဘီဘီစီကိုပြောပြခဲ့ပါတယ်။