သင်္ဘော စီးနင်းမှု နေတန်ယာဟု ကာကွယ်

  • 9 ဩဂုတ် 2010
benjamin_netanyahu
Image caption အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဂါဇာကမ်းမြှောင်ကို အကူအညီပေးပစ္စည်းတွေ သယ်လာတဲ့ သင်္ဘောတွေကို အထူးတပ်ဖွဲ့တွေနဲ့ စီးနင်းခဲ့တဲ့ အပေါ်မှာ ကာကွယ် ပြောကြားခဲ့ပါတယ်။

ဒါကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းဖို့ အစိုးရက ဖွဲ့စည်း ပေးထားတဲ့ အထူး ကော်မရှင်မှာ မစ္စတာ နေတန်ယာဟု ထွက်ဆို ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

သူက အစ္စရေးက ဂါဇာကို ပိတ်ဆို့ တာဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ ညီညွတ်ကြောင်းနဲ့ အစ္စရေး တပ်ဖွဲ့တွေဟာလဲ မိမိအသက် အန္တရာယ် ကြုံမှသာ ပြန်လည် တုန့်ပြန်ခဲ့တာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရ သူ မတ်ခ် ရဂ်ဂဗ်က ဒီကိစ္စနဲ့ ပတ်သက်လို့ ဒီစုံစမ်းစစ်ဆေးမှုတွေဟာ လွတ်လပ်မှုရှိကြောင်းနဲ့ စုံစမ်းစစ်ဆေးသူတွေကလဲ သူတို့ ဘာသာပဲ ဆုံးဖြတ်ကြမှာ ဖြစ်ကြောင်း၊ အစ္စရေး အစိုးရ ဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းတွေ့ရှိတဲ့ အချက်အလက် တွေဟာ အစိုးရ ဘက်မှာပဲ ရှိနေမယ်လို့ ယုံကြည်တယ်လို့ ဘီဘီစီကို ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက ဖြစ်ခဲ့တဲ့ ဒီစီးနင်းမှုမှာ အဲဒီသင်္ဘောတွေနဲ့ ပါလာတဲ့ အကူအညီ ပေးအဖွဲ့က တူရကီ လူမျိုး ၉ ဦးသေဆုံးခဲ့ရပါတယ်။

ဒီအတွက် အစ္စရေး ကာကွယ်ရေး ဝန်ကြီး အီဟုဒ် ဘာရက်ခ် နဲ့ စစ်တပ် ဦးစီးချုပ်တို့လဲ စစ်ဆေးခံရဖို့ ရှိနေပါတယ်။ ဒီစုံစမ်းမှုတချို့ ကိုတော့ တံခါးပိတ် စစ်ဆေးတာ ဖြစ်ပါတယ်။ ဒီစုံစမ်းမှုနဲ့ ပတ်သက်ပြီး စုံစမ်းသူတွေကို သတ်မှတ်ပေး ထားတဲ့ နယ်ပယ်ဟာ ကျဉ်းမြောင်းလွန်းတယ် ဆိုပြီး တချို့က ဝေဖန်နေကြပါတယ်။