အမေရိကန်ရေတပ် ရဲ့ ဗီယက်နမ် ခရီးစဉ်

  • 9 ဩဂုတ် 2010
usswashington

အမေရိကန်-ဗီယက်နမ် စစ်ပွဲနောက်ပိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ခဲ့တဲ့ ၁၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အမေရိကန် လေယာဉ်တင် စစ်သင်္ဘောကြီး USS George Washington ဟာ ဒုံးခွင်းသင်္ဘောနဲ့ မိုင်းရှာဖွေတဲ့ စစ်သင်္ဘောတွေ ခြံရံပြီး ဗီယက်နမ်ဒါနန်း ဆိပ်ကမ်း ကမ်းလွန် မှာ ကပ်ဖို့ ရှိနေပါတယ်။

ဒေသတွင်းက တရုတ်ကို အမေရိကန်စစ်အင်အားကို ပြလိုတဲ့သဘောအပြင် မကြာခင်ရက် ပိုင်းက တောင်ကိုရီးယားနိုင်ငံနဲ့ နှစ်နိုင်ငံ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်ပြီး အမေရိကန် စစ်အင်အားကို အာရှဒေသတွင်းမှာ တစ်ခါပြခဲ့တယ်။ ဒါ့အပြင် မြောက်ကိုရီးယားကို အာကျယ်ပါကျယ် ခြိမ်းခြောက်ပြောဆိုနေမှုတွေကို သတိပေးတဲ့အနေနဲ့ ပြသခဲ့တာ ဖြစ်ပုံရပြီး၊ အဲဒီစစ်ရေးလေ့ကျင့်မှုကို ဂျပန် နိုင်ငံကလည်း လေ့လာသူအနေနဲ့ ပါဝင်ခဲ့တာကြောင့် အမေရိကန်-ဂျပန် ဆက်ဆံရေးကလည်း ပိုကောင်းလာခဲ့တယ်။

ပြီးခဲ့တဲ့လတုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က လည်း တရုတ်နဲ့ နယ်နမိတ်ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ အရှေ့တောင်အာရှ နိုင်ငံတချို့ရဲ့ ကိစ္စမှာ ကြားဝင်ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်က တရုတ်အတွက် အတော်လေး နေရထိုင်ရခက်စေခဲ့ပါသေးတယ်။ တရုတ်မီဒီယာတွေကတော့ အမေရိကန်ဟာ အရှေ့တောင်အာရှကိုတောင် လွှမ်းမိုးလာနေပြီလို့ ပြောဆိုထုတ်လွှင့်ခဲ့ပါတယ်။

တရုတ်နဲ့ ရေပိုင်နက်သူပိုင်အငြင်းပွားနေတဲ့ နိုင်ငံတွေကတော့ ဗီယက်နမ်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်တို့ဖြစ်ပါတယ်။

ဗီယက်နမ်ကလည်း နျူးကလီယားနည်းပညာရရှိရေးအတွက် အမေရိကန်နဲ့ စကားပြောဆိုမှုတွေ ရှိနေပါတယ်။ သတင်းတွေအရတော့ ဗီယက်နမ်ရဲ့ ယူရေနီယံသန့်စင်မှုလုပ်နေတာတွေနဲ့မဆိုင်ဘူးလို့ သိရပါတယ်။