၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ကို ကုလသမဂ္ဂ က ပယ်ဖျက်နိုင်

  • 10 ဩဂုတ် 2010
ban ki moon
Image caption ၂၀၀၈ ခုနှစ် မြန်မာပြည် ရောက်စဉ် မစ္စတာ ဘန်ကီမွန်း က နိုင်ငံခြားရေး ဝန်ကြီး နဲ့ ဆွေးနွေးစဉ်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တခု ဟာ နိုင်ငံ တကာ ဥပဒေ တွေနဲ့ ဆန့်ကျင် နေမယ် ဆိုရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ပယ်ဖျက် နိုင်ကြောင်း မြန်မာ့ အရေး ဆိုင်ရာ ရှေ့နေ အဖွဲ့ တခု က ပြောပါတယ်။

မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူး က မြန်မာနိုင်ငံ က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲမှာ အရင် က ကျူးလွန်ခဲ့တဲ့ လူ့အခွင့် အရေး ချိုးဖောက်မှု တွေ အတွက် ပြန်လည် အရေးမယူ နိုင်အောင် လွတ်ငြိမ်းခွင့် ပေးထားတဲ့ ဥပဒေ မျိုးဟာ နိုင်ငံ တကာ ဥပဒေ တွေနဲ့ ဆန့်ကျင် နေတာ၊ နောက် အဲဒီ ဖွဲ့စည်းပုံ အရ ကာကွယ်ရေး ဦးစီးချုပ် ဟာ အာဏာ အများ အပြား ကို ထိန်းချုပ် နိုင်တဲ့ အတွက် မြန်မာပြည် လို နျူကလီးယား လက်နက် ထုတ်ဖို့ ကြံစည် နေတဲ့ နိုင်ငံ မျိုး မှာ အခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဟာ ဒေသ လုံခြုံရေး ဆိုင်ရာမှာ အန္တရာယ် များတဲ့ အတွက် နိုင်ငံ တကာ ဥပဒေ တွေနဲ့ မကိုက်ညီ တာတွေ ဖြစ်နေပြီး ဒီ အတွက် ဖွဲ့စည်းပုံ ဥပဒေ ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ပယ်ဖျက် လာနိုင် ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

တောင်အာဖရိက ၁၉၈၃ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဟာလည်း လူထုဆန္ဒခံယူပွဲ က ပုံမမှန် တာ၊ အသားအရောင် ခွဲခြားရေး စနစ် ပိုမို ကျယ်ပြန့်လာမှာ စတာ တွေကို တွေ့ရပြီး ဒါတွေဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ငြိစွန်း တဲ့ အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က အဲဒီ ဖွဲ့စည်းပုံ ကို ၁၉၈၄ မှာ ပယ်ဖျက် ခဲ့ကြောင်း သူ က ပြော ပါတယ်။

သို့သော်လည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင် တွေ ရဲ့ ထောက်ခံချက် ရမှသာ အခုလို ပယ်ဖျက် တာမျိုး အကောင်အထည် ဖော်နိုင်မှာပါ။

တနင်္လာနေ့ မှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်း က ကုလသမဂ္ဂ အနေနဲ့ မြန်မာ့ ဒီမိုကရေစီရေး ပြောင်းလဲ တိုးတက် ရေး နဲ့ ပတ်သက်၍ မြန်မာ အစိုးရ ကို ဘယ်လို တိုက်တွန်း ပြောဆိုမှု လုပ်လုပ် မြန်မာအစိုးရ က လိုက်ပါ ဆောင်ရွက် မပြုတဲ့ အတွက် စိတ်ပျက် စရာ ဖြစ်နေ ကြောင်း ထုတ်ဖော် ပြောသွား ပါတယ်။

မြန်မာ့ အရေး စောင့်ကြည့် သူ အချို့ ကတော့ မြန်မာ့ အရေး ပြုပြင် ပြောင်းလဲရေး အတွက် ကုလသမဂ္ဂ က ရွေးချယ် လုပ်ကိုင် စရာ နည်းလမ်း နည်းပါး နေပြီ လို့ သုံးသပ် ကြ ပါတယ်။