အမေရိကန်နဲ့ ဗီယက်နမ် ပူးတွဲစစ်ရေး လေ့ကျင့်

  • 10 ဩဂုတ် 2010
အမေရိကန်နဲ့ ဗီယက်နမ် စစ်ရေးလေ့ကျင့်ခန်းစပြီ
Image caption အမေရိကန်နဲ့ ဗီယက်နမ် စစ်ရေးလေ့ကျင့်ခန်းစပြီ

အမေရိကန် နဲ့ ဗီယက်နမ် ရေတပ် တို့ တပတ်ကြာ ပူးတွဲ ရေတပ် လေ့ကျင့်ရေး အစီအစဉ် အရ အမေရိကန် ဖျက်သင်္ဘော John S McCain ဗီယက်နမ် နိုင်ငံကို မကြာခင်ကဘဲ ရောက်လာခဲ့ပါပြီ။ အရင်က ရန်သူတွေ ဖြစ်ခဲ့ကြတဲ့ ဒီနှစ်နိုင်ငံကြား ပုံမှန် ဆက်ဆံရေး ပြန်လည် ထူထောင်နိုင်ခဲ့တဲ့ ၁၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ပြုလုပ်မယ့် ဒီလေ့ကျင့်မှုဟာ နှစ်နိုင်ငံ စစ်ရေး ဆက်ဆံမှု တိုးမြင့်လာတဲ့ လက္ခဏာ လို့ ဆိုနိုင်ပါတယ်။

အခုပူးတွဲ ရေတပ် လေ့ကျင့်မှုက ၂၁ ရာစု စတိုင် ရေတပ် စစ်သင်္ဘော သံတမန်ဆက်ဆံရေးရဲ့ နောက်ဥပမာ တစ်ခုလို့ ဆိုရမှာပါ၊ စစ်ရေးလေ့ကျင့်ကြမယ့် အမေရိကန် စစ်သင်္ဘော တွေထဲမှာ George Washington ဆိုတဲ့ တိုက်လေယာဉ်တင် ဧရာမ စစ်သင်္ဘောကြီးလည်း ပါပါတယ်။

ထူးခြားတာက ဗီယက်နမ် စစ်ပွဲ အတွင်း ဟနွိုင်းမြို့မှာ အကျဉ်းသား ဖြစ်ခဲ့သူ အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်းရဲ့ ဖခင် John S Macain ကို ဂုဏ်ပြု မှည်ခေါ်တဲ့ USS John S Macain စစ်သင်္ဘောကြီး လည်း ပထမဆုံး အကြိမ် ပါဝင်မှာပါ။

အခုချိန်မှာ အမေရိကန် ရေတပ် သင်္ဘော တွေ ဗီယက်နမ်ကို ပုံမှန် လာလေ့မရှိပေမဲ့ ရှိတော့ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီတကြိမ်က အရင်နဲ့ နည်းနည်း ကွာခြားပါတယ်။

နှစ်နိုင်ငံ သင်္ဘောတွေ ဟာ တိုက်ခိုက်ရေးနဲ့ မဆိုင်တဲ့ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကိုသာ လုပ်ခဲ့ ကြတာပါ။ ဒါတွေဟာ စစ်ရေးနဲ့ မဆိုင်တဲ့ အရေး မကြီးတဲ့ လုပ်ငန်းတွေ ဖြစ်ပေမဲ့ စောင့်ကြည့်မှုတွေကတော့ ရှိပါတယ်။

အချိန်အခါအရ ကြည့်ရင်လည်း ဒေသတွင်းမှာ သြဇာလွှမ်းမိုးရေး အတွက် အမေရိကန်နဲ့ တရုတ် နိုင်ငံတို့ အပြိုင် အဆိုင် ကြိုးပမ်းလာတဲ့ အချိန် ဖြစ်နေလို့ ဗီယက်နမ်ဟာ အဓိက အာရုံထားစရာ ဖြစ်လာပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟေလာရီ ကလင်တန်က အမေရိကန်ဟာ တောင်တရုတ် ပင်လယ်ထဲက အငြင်းပွားမှုတွေမှာ ကြားဝင် ဆောင်ရွက်ပေးမယ်လို့ မကြာသေးခင်က ပြောဆိုခဲ့တဲ့ အတွက် တရုတ် အာဏာပိုင်တွေကို မကျေမနပ် ဖြစ်စေခဲ့ပါတယ်။

တောင်တရုတ် ပင်လယ်ထဲမှာ သူ့ ရည်မှန်းချက် တွေဟာ ဘာအန္တရာယ်မှ မရှိဘူးလို့ တရုတ်နိုင်ငံက ပြောနေတာပါ။ ဒါပေမဲ့ တရုတ် ရေတပ် ချဲ့ထွင်မှု လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ အမျိုးမျိုး မှတ်ချက်ပေး ပြောဆိုမှုတွေ ရှိနေတဲ့အပြင် ဗီယက်နမ် အပါအဝင် အိမ်နီးချင်း နိုင်ငံတွေ ကြားမှာလည်း စိတ် မသက်မသာ ဖြစ်နေကြပုံရပါတယ်။

ဒေသတွင်းက တခြား နိုင်ငံတွေ ဖြစ်ကြတဲ့ အိန္ဒိယ၊ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ ဂျပန် စတဲ့ နိုင်ငံ အားလုံးကလည်း သူတို့ရဲ့ ရေတပ်အင်အား ကို တိုးချဲ့လာကြပါတယ်။

ဒီအခြေ အနေ တွေကြားမှာ အမေရိကန် ရေတပ်က အခုလိုပုံစံနဲ့ အလံထောင်ပြ လာတာက ဒေသတွင်းကို ဂယက်ရိုက်ခတ် မှုတော့ ရှိနိုင်တယ်ပါတယ်။