ဆေးမတိုးတဲ့ ဘက်တီးရီးယား ပိုးသစ် ကမ္ဘာကိုပျံ့နိုင်

  • 11 ဩဂုတ် 2010

ဗြိတိန် ဆေးသိပ္ပံ ပညာရှင်တွေက အစွမ်းထက် ဆေးဝါးတွေ မတိုးနိုင်ဖြစ်နေတဲ့ NDM 1 ဘက်တီးရီးယား ပိုးသစ် ကမ္ဘာမှာ ပျံ့နှံ့ မယ့် အရေး စိုးရိမ်နေကြပါတယ်။

Image caption ဘက်တီးရီးယား ပိုးသစ်က အပြင်းစား ဆေးတွေ တောင် မတိုး

ဘက်တီးရီးယား ပိုးသစ် က New Delhi Metallo-beta-1 ကို အတိုကောက်ခေါ်ထားတာ ဖြစ်ပြီး အစွမ်းအထက် ဆုံး ဆေးဝါး တွေ တောင် သိပ်မတိုး နိုင်တာ ကြောင့် Carbapenem လို အစွမ်း ထက် ဆေးဝါးတွေ တောင် မနိုင်တာ တွေ့ရပါတယ်။ လောလောဆယ် သူ့ ကို ကုသ နိုင်တဲ့ ဆေး နှစ်မျိုးပဲ ရှိတဲ့ အခြေ အနေပါ။

ဘက်တီးရီးယား ဆိုတဲ့ ပိုးမျိုး ကလည်း သတ္တဝါ တွေ ဖြစ်တည် လာဖို့ နှစ်ပေါင်း သန်းချီ ပြီး တဖြည်းဖြည်း တိုးတက်ဖွံ့ ဖြိုး လာမှု ကို စောင့်ကြရတာမျိုး မလို ပါဘူး။ သူ့ဘေး ပတ်ဝန်းကျင် က ဗီဇ ပစ္စည်းတွေကို ယူပြီး တိုးတက် ပွားများ နိုင်ပါတယ်။

အခုလည်း ဆေးမတိုး တဲ့ NDM 1 ဟာ နောက်ထပ် မျိုးကွဲ တခု ကို အချိန် မရွေး ထပြောင်း သွားနိုင်ပြီး ဆေးမတိုးတဲ့ ဒုက္ခ ပိုကြီး သွားမှာ ကို ပညာရှင်တွေက စိုးရိမ် ကြပါတယ်။

ဒီ NDM 1 ပိုးဟာ အူလမ်းကြောင်း ကို ရောဂါ ရစေတဲ့ E Coli ဘက်တီးရီးယား မှာ လည်း ဝင်နေနိုင် သလို နမိုးနီးယား ခေါ် အဆုတ် အအေးမိတဲ့ ရောဂါ ဖြစ်စေတဲ့ ဘက်တီး ရီးယား ပိုး တစ်မျိုး ထဲမှာ လည်း ဝင်နေ နိုင်ပါတယ်။ ဒါကြောင့် ဒီဘက်တီးရီးယား နှစ်မျိုး က ဆီးလမ်းကြောင်း ဆိုင်ရာ ရောဂါ ၊ သွေး အဆိပ်တက် တဲ့ ရောဂါ စတာတွေ လည်း ဖြစ်စေ နိုင် တဲ့ အတွက် ဆေးပြီး သလို ဖြစ်နေတဲ့ NDM 1 ရဲ့ ဒုက္ခ ပေးနိုင် မှု က ကြီးပါတယ်။

ကမ္ဘာပေါ်မှာ ဂလိုဘယ်လိုက်ဇေးရှင်း နဲ့ အတူ စျေး မကြီးတဲ့ နေရာ တွေကို လူတွေက ဆေးသွား ကု ကြတဲ့ အလေ့ က ရှိနေတော့ အခု ဒီ ပိုး စပျံ့တယ် လို့ ယူဆ ကြတဲ့ အိန္ဒိယ ပါကစ္စတန် လို နိုင်ငံ တွေအပြင် ဗြိတိန်၊ အမေရိကန် သြ စတြေး လျ၊ နယူးဇီလန် စတဲ့ နိုင်ငံ တွေကို ပျံ့နေတာလည်း တွေ့ရပါတယ်။

ကျန်းမာရေး ပညာရှင်တွေက တော့ နိုင်ငံတကာ ဆိုင်ရာ စောင့်ကြည့် တဲ့ စနစ် နဲ့ လုပ်ဆောင်တာ၊ ဆေးဝါး သစ် ဖော်တာ စတာတွေ အမြန်လုပ်ဆောင်မှ ဒီ ဆေးမတိုး တဲ့ ဘက်တီးရီးယား ပိုးသစ် ကမ္ဘာ အနှံ့ပျံ့ မယ့် အရေး က ကာကွယ် နိုင်မှာ လို့ သတိပေး နေပါတယ်။

ဒီရောဂါပိုးနဲ့ ပတ်သက်တဲ့ လေ့လာချက် တစ်ရပ်ကို ဗြိတိန် နိုင်ငံထုတ် The Lancet ဆေးသိပ္ပံ ဂျာနယ်မှာ ဖော်ပြ ထားတာ ဖြစ်ပါတယ်။