ဘလက်ဘယ်ရီကို ပိတ်မယ်လို့ အိန္ဒိယ ရာဇသံပေး

  • 13 ဩဂုတ် 2010

အိန္ဒိယအစိုးရက သူတို့ရဲ့ လုံခြုံရေးအတွက် ဘလက်ဘယ်ရီဖုန်းသုံးသူအချင်းချင်း ဆက်သွယ်ပေးပို့တဲ့ စာတွေ သတင်းအချက်အလက်တွေကို ဝင်ကြည့်ခွင့်ပေးဖို့ကိစ္စ ဒီလအကုန်မှာ အကြောင်းမပြန်ရင် ဘလက်ဘယ်ရီဖုန်း သုံးတာကို ပိတ်မယ်လို့ ဘလက် ဘယ်ရီ လက်ကိုင်ဖုန်း ကုမ္ပဏီကို ရာဇသံပေးနေပါတယ်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကနေဒါနိုင်ငံက Research in Motion ဘလက်ဘယ်ရီ လက်ကိုင်ဖုန်းကုမ္ပဏီ တို့ ရဲ့ ဆွေးနွေးပွဲအပြီးမှာ ဒီရာဇသံကို ပေးခဲ့တာပါ။

အခု အဲဒီကုမ္ပဏီဟာ သူတို့ရဲ့ ဖုန်းကို သုံးပြီး တဦးနဲ့ တဦး ဆက်သွယ် ပေးပို့ကြတဲ့ email တွေ message တွေကို မူရင်းအတိုင်း အိန္ဒိယ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေကို ကြည့်ခွင့်ပေးဖို့ ဖိအားပေးတာကို အတော်ကြီးခံနေရပါတယ်။

အကြမ်းဖက်သမားတွေ ရာဇဝတ်ကောင်တွေဟာ Blackberries လက်ကိုင်ဖုန်းတွေနဲ့ လျှို့ဝှက် ဆက်သွယ် သတင်းဖလှယ် ကြတယ်လို့ အိန္ဒိယအစိုးရက စိုးရိမ်နေတာပါ။

သူ့အရင် အာရပ်စော်ဘွားများနိုင်ငံ၊ ဆော်ဒီအာရေဗီးယား၊ လက်ဘနွန် နဲ့ အယ်ဂျီးရီးယား နိုင်ငံအပါအဝင် နိုင်ငံတချို့က အလားတူ စိုးရိမ်မှုကို ဖေါ်ပြခဲ့ကြပြီး ဖြစ်ပါတယ်။

အိန္ဒိယမှာ Blackberries လက်ကိုင်ဖုန်းသုံးတဲ့လူ တသန်းရှိပါတယ်။ နောင်လဲ သုံးသူပိုများလာမဲ့အနေအထား ရှိနေတာမို့ ကုမ္ပဏီအတွက် အိန္ဒိယဟာ အမြတ်အစွန်းရစရာ အကောင်းဆုံးစျေးကွက် တခုပါ။

ဒါပေမယ့် သတင်းတွေဟာ ထုတ်လုပ်သူအတွက် မျှော်လင့်ချက် လုံးဝမဲ့သွားစေမဲ့ သတင်းတွေချည်းဘဲတော့ မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ လောလောဆယ်မှာ ဆော်ဒီအာရေဗီးယားက Blackberries ကို ပိတ်မယ်ဆိုတဲ့ကိစ္စကို ဆိုင်းငံ့ထားလိုက်ပါပြီ။

ဒါဟာ Blackberries နဲ့ ဆော်ဒီအစိုးရကြားမှာ သဘောတူညီမှု တခုခု ရသွားတာကြောင့် ဖြစ်နိုင်ပါတယ်။

ဒီတော့ အိန္ဒိယနဲ့ Blackberries ကြားမှာ သဘောတူညီချက် ရနိုင်စရာ လမ်းရှိသေးတယ်လို့ အကဲခတ်တချို့က မြင်ကြပါတယ်။