ပါကစ္စတန်ကို အရှိန်မြှင့်ကူညီဖို့ ဘန်ကီမွန်းပြော

  • 15 ဩဂုတ် 2010
Image caption ကုလသမဂ္ဂဟာ ပါကစ္စတန်နဲ့ တစည်းတလုံးတည်း ရှိနေတယ်လို့ မစ္စတာဘန်ကီမွန်းကပြော

ရေကြီးမှုဒဏ်ကြောင့် လူပေါင်း သန်း (၂၀) အတိဒုက္ခရောက်နေရတဲ့ ပါကစ္စတန်ကို တမ္ဘာလုံးက ကူညီရပ်ခံသွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။

ပါကစ္စတန်ကိုရောက်ရှိနေ့တဲ့ မစ္စတာဘန်ကီမွန်း ဟာ ပါကစ္စတန်သမ္မတ အာစိအာလီဇါဒါရီနဲ့ ဝန်ကြီးချုပ် ယိုဆပ်ရာဇာဂီလာနီတို့နဲ့ တွေ့ဆုံပြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက်မှာ သူဟာ ရေကြီးမှုဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ရတဲ့ ဒေသတွေကို ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့ပါတယ်။

မစ္စတာဘန်ကီမွန်းက အတိဒုက္ခ ရောက်နေသူတွေ အတွက် အကူအညီ ဖြန့်ဝေရေးကို အရှိန်မြှင့် လုပ်ဆောင်ဖို့ နိုင်ငံတကာကို တောင်းဆို လိုက်ပါတယ်။

ကုလသမဂ္ဂဟာ ပါကစ္စတန်ပြည်သူတွေနဲ့ အစိုးရနဲ့ပါ တစည်းတလုံးထဲ ရှိနေတယ်ဆိုတာနဲ့ ဒုက္ခရောက်နေရသူတွေကို စာနာမှုရှိတယ်ဆိုတာကို ဖော်ပြဖို့အတွက် အခုလို ပါကစ္စတန်ကို သူရောက်ရှိလာတာပါလို့ မစ္စတာဘန်ကီးမွန်းက ပြောပါတယ်။

အကူအညီအတွက် ဒေါ်လာ ၄၅၉ သန်းလိုအပ်ကြောင်း ကုလသမဂ္ဂက ပန်ကြားထား ပါတယ်။ ဒါပေမယ့် ရေရှည်အကူအညီအတွက်တော့ ဒေါ်လာ ဘီလီယံနဲ့ချီပြီး လိုအပ်မယ်လို့ ဆိုပါတယ်။

အမေရိကန်ကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး အတွက် သူ့ရဲ့ မဟာမိတ်နိုင်ငံ ဖြစ်တဲ့ ပါကစ္စတန်ကို ရှေ့ဆောင် ကူညီမှုတွေ လုပ်ပေးနေပါတယ်။

အခုအချိန်အထိ အမေရိကန်က အနည်းဆုံး ဒေါ်လာ သန်း (၇၀) အကူအညီ ပေးပြီးဖြစ်ကာ၊ စစ်ရဟတ်ယာဉ်တွေလည်း ပေးပို့ထားပါတယ်။

ရေလွှမ်းနေတဲ့ ဒေသတွေမှာ ကူးစက်ရောဂါတွေ ဖြစ်ပွားလာမှာကို အထူးစိုးရိမ်မှုတွေ ရှိနေ ပါတယ်။ အကြောင်းကတော့ ကာလဝမ်းရောဂါဖြစ်ပွားမှု ရှိနေတယ်ဆိုတာကို ကုလသမဂ္ဂက အတည်ပြုထားတာကြောင့် ဖြစ်ပါတယ်။