တရုတ် စစ်ရေး ချဲ့ထွင်မှု အမေရိကန် ရှုတ်ချ

  • 17 ဩဂုတ် 2010

တရုတ်နိုင်ငံက တိတ်ဆိတ် လျှို့ဝှက် ပြီး စစ်အင်အားတွေ တိုးချဲ့ နေတာဟာ နားလည်မှုတွေ လွဲပြီး မလိုလားအပ်တဲ့ တင်းမာမှုတွေ ဖြစ်လာ စေတယ်လို့ အမေရိကန် စစ်ဋ္ဌာနချုပ် ပင်တဂွန်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

Image caption တောင်တရုတ် ပင်လယ်ထဲမှာ တရုတ်ရဲ့ လက်နက် စမ်းသပ် မှုတွေ ရှိခဲ့

အဲဒီထဲမှာ တရုတ်က မြေပြင် အခြေစိုက် ဒုံးပျံ စနစ်ကို အဆင့်မြှင့်ပြီး ရေငုပ်သင်္ဘော တပ်ဖွဲ့တွေကို အင်အားချဲ့ တဲ့ အပြင် နျူကလီးယား လက်နက် တွေလည်း တိုးချဲ့ တပ်ဆင် နေတယ်လို့ ဆိုထား ပါတယ်။

တရုတ် နိုင်ငံမှာ သိရသမျှ တာတိုပစ် ဒုံးပျံ (၁၁၅၀) ရှိပြီး တာလတ် ဒုံးပျံ အရေ အတွက် ကတော့ ဘယ်လောက် ရှိမှန်း တောင် မသိရ ပါဘူးလို့ အမေရိကန် တွေက ပြော ပါတယ်။ ဘီလီယံပေါင်း များစွာ သုံးတဲ့ စစ်ဘက် ချဲ့ထွင်မှု တွေကို လူထုက မသိရဘဲ သုံးစွဲနေတာ လို့ လည်း ပင်တဂွန်က ပြောပါတယ်။

တရုတ်ဘက်က တုံ့ပြန်မှု

Image caption တောင်တရုတ်ပင်လယ် အရေး US ပြောခဲ့တာကို တရုတ် သဘော မကျ

တရုတ် ဘက်ကလည်း ဒေသ အတွင်းကို အမေရိကန် စစ်တပ်က ရောက်လာပြီး စစ်ရေး လေ့ကျင့်မှုတွေ လုပ်နေတာကို ကန့်ကွက် ထားပါတယ်။ အမေရိကန်က တောင်ကိုရီးယားနဲ့ ပူးတွဲ စစ် ရေး လေ့ကျင့်မှု တွေလုပ်တာ၊ ဗီယက်နမ်နဲ့ ဆက်ဆံရေးတွေ ပြန်လည် တည်ဆောက် ပြီး ရေတပ်ပူးတွဲ လေ့ကျင့်မှု တွေလုပ်တာဟာ တရုတ်ကို အနားကပ်ပြီး ဝိုင်းရံ ထားတဲ့ မူတွေနဲ့ လုပ်နေတာလို့ တရုတ် ဘက်က စွပ်စွဲ ထား ပါတယ်။

တောင်တရုတ် ပင်လယ် အတွင်းမှာ တရုတ် နိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတချို့နဲ့ ရေပိုင်နက် အငြင်းပွားမှုတွေ ရှိနေတာပါ။ ပြီးခဲ့တဲ့လ က ဗီယက်နမ်မှာ လုပ်ခဲ့တဲ့ အာဆီယံ ဆွေးနွေးပွဲမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က အဲဒီနိုင်ငံတွေရဲ့ ရေပိုင်နက် တည်ရှိမှုကို ထောက်ခံပါတယ် လို့ ပြောခဲ့တာ ကိုလည်း တရုတ် ဘက်က သိပ် မကြေလည် ခဲ့ပါဘူး၊

ထိုင်ဝမ်နဲ့ တရုတ် အခုနှစ်ပိုင်းမှာ ဆက်ဆံရေးတွေ ပိုကောင်း လာပေမယ့် တရုတ်ကတော့ ထိုင်ဝမ်အပေါ် စစ်ရေးအရ အသာစီး ပိုရအောင် လုပ်နေဆဲပဲ လို့ လည်း အမေရိကန် တွေက ပြောပါတယ်။

တရုတ်က နှစ်စဉ် စစ်ရေးအသုံးစားရိတ် တွေကို တိုးမြှင့်သုံးစွဲ နေတာမှာ ဒီနှစ်မှာတော့ မနှစ်ကထက် (၇) ဒဿမ (၅) ရာခိုင်နှုန်း တိုးပြီး ဒေါ်လာ ၇၈ ဘီလီယံအထိ သုံးသွားမယ်လို့ ကြေငြာ ထားပါတယ်။ ဒါပေမယ့် တကယ်တန်းသုံးစွဲတဲ့ ငွေက ဒီထက် အများကြီး ပိုနိုင်တယ်လို့ ပင်တဂွန်က ယူဆနေပါတယ်။

အမေရိကန်ရဲ့ စစ်အသုံးစားရိတ် ကတော့ တစ်နှစ်ကို ဒေါ်လာ ဘီလီယံ (၇၀၀) လောက်ရှိပါတယ်။