၁၈ ပွဲ ပိတ်ပင်ခံရတဲ့ အပေါ် အနယ်ကာ ပျက်ရယ်ပြု

  • 18 ဩဂုတ် 2010
Nicolas Anelka
Image caption ''ဒီလူတွေဟာ လူပျက်တွေပါ ကျွန်တော် ရယ်ရလို့ အူတက်သေတော့မယ်'' (အနယ်ကာ)

ပြင်သစ်အမျိုးသား ဘောလုံးအသင်းကနေ ၁၈ ပွဲ ပိတ်ပင်ခံလိုက်ရတဲ့ နီကိုးလပ်စ် အနယ်ကာက ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဟာ လူပြက်အဖွဲ့ တခုသာ ဖြစ်တယ်လို့ တုန့်ပြန် ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့ဖလားပွဲတုန်းက အနယ်ကာရဲ့ အပြုအမူ တွေကြောင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က သူ့ကို အခုလို အပြစ်ပေး ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ အနယ်ကာက သူဟာ ပြင်သစ်အမျိုးသားအသင်းမှာ နောက် ဘယ်တော့မှ ကစားမှာ မဟုတ်တဲ့အတွက် အခုလို ၁၈ ပွဲ ပိတ်လိုက်တာဟာ ဘာမှ အကျိုး သက်ရောက်မှု မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

တောင်အာဖရိက ကမ္ဘာ့ဖလားပွဲတုန်းက သူဟာ အသင်းနည်းပြနဲ့ စကားများခဲ့တာကြောင့် အဲဒီတုန်းက သူ့ကို အိမ်ပြန်ပို့ခဲ့တာဖြစ်ပါတယ်။ နောက်တော့ တခြားကစားသမားတွေကပါ လေ့ကျင့်ခန်း မဆင်းဘူးဆိုပြီး သပိတ်မှောက်ကြတဲ့အထိ ဖြစ်ခဲ့တာပါ။

တခြားကစားသမားတွေဖြစ်ကြတဲ့ ပြင်သစ်အသင်း ခေါင်းဆာင် မန်ယူက Patrice Evra၊ တိုက်စစ်မှူး Franck Ribery နဲ့ Jeremy Toulalan တို့သုံးဦးကိုလည်း ကမ္ဘာ့ဖလားတုန်းက ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ပြင်သစ်အသင်းမှာ ဘောလုံးကစားခွင့် ပိတ်ပင်ထား ပါတယ်။

ကမ္ဘာ့ဖလားပွဲမှာ ပြင်သစ်အသင်းဟာ အုပ်စုအဆင့်မှာတင် ထွက်ခဲ့ရပြီး အရှုံးကြီး ရှုံးခဲ့တဲ့ အတွက် ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဟာ ရာထူးကနှုတ်ထွက်ခဲ့ပါတယ်။

အသင်းနည်းပြအသစ် Blanc ကလည်း ဒီလစောစောပိုင်းက နော်ဝေနဲ့ ချစ်ကြည်ရေး ကစား တဲ့ပွဲမှာ ကမ္ဘာ့ဖလားပွဲမှာပါတဲ့ ကစားသမား ၂၃ ယောက် စလုံးကို ကစားခွင့် ရပ်ဆိုင်းထားခဲ့ ပြီး၊ တခြားကစားသမားတွေနဲ့ အစားထိုးခဲ့ပါတယ်။