စစ်ရာဇဝတ်မှု ကုလ စုံစမ်းရေး ကိစ္စ အီးယူ ထောက်ခံ ရန် တိုက်တွန်း

  • 19 ဩဂုတ် 2010
EU flag
Image caption အီးယူ အတွင်း မြန်မာ အစိုးရ အပေါ် သဘောထား တွေ က တနိုင်ငံ နဲ တနိုင်ငံ မတူညီကြ

မြန်မာအစိုးရ ဟာ စစ်ရာဇဝတ်မှု တွေ၊ လူ အမြောက်အများ ကို ရာဇဝတ်မှု ကျူးလွန် တာတွေ ရှိ မရှိ ကုလသမဂ္ဂ က စုံစမ်းရေး ကိစ္စ ကို အီးယူ ဥရောပ သမဂ္ဂ အနေနဲ့ ထောက်ခံဖို့ မြန်မာ့အရေး ဆိုင်ရာ ဥရောပ ပါလီမန် အမတ်များ အဖွဲ့ က တိုက်တွန်းလိုက်ပါတယ်။

မြန်မာ့အရေး ဆိုင်ရာ ဥရောပ ပါလီမန် အမတ်များ အဖွဲ့ က အက်စတိုးနီးယား လွှတ်တော် အမတ် ဆေးလဗား မိုက်ကာ က သူတို့ အဖွဲ့ အနေနဲ့ မြန်မာ အစိုးရ ရဲ့ လူ့အခွင့် အရေး အကြီး အကျယ် ချိုးဖောက် နေမှု တွေကို ကုလသမဂ္ဂ က စုံစမ်း စစ်ဆေး ဖို့ အရင် ကတည်း က တိုက်တွန်းခဲ့ သလို၊ မကြာသေးခင် က အမေရိကန် ရဲ့ ဒီအရေး အပေါ် ထောက်ခံမှု ထွက်ပေါ်လာတာ ကို ကြိုဆိုကြောင်း နဲ့ ဥရောပ သမဂ္ဂ အနေနဲ့ ဒီ အရေး အပေါ် ထောက်ခံ သင့်ကြောင်း ပြောပါတယ်။

ဥရောပ သမဂ္ဂ အတွင်း အားလုံးသော နိုင်ငံတွေ က ထောက်ခံမှု ရှိဖို့ က လွယ်တဲ့ အလုပ်တော့ မဟုတ်ပေမယ့် လူ့အခွင့်အရေး ကို အလေးထား ဂရုစိုက်သူတွေ အားလုံး ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင် ဒီကိစ္စ က ဖြစ်နိုင်ကြောင်း သူ က ပြောပါတယ်။

သူကိုယ်တိုင် ထိုင်းမြန်မာ နယ်စပ် ကို သွားရောက် ပြီး ဒုက္ခသည်တွေနဲ့ တွေ့ခဲ့ တဲ့ အတွေ့ အကြုံတွေ အရ၊ ဖတ်ရှုရတဲ့ စာအုပ်စာတမ်းတွေ၊ NGO နဲ့ လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့ အမျိုးမျိုးရဲ့ အစီရင်ခံစာတွေ၊ လေ့လာချက်စာတမ်းတွေ အရ မြန်မာအစိုးရ ရဲ့ လူ့အခွင့်အရေး ဖေါက်ဖျက်မှု တွေဟာ War crimes စစ်ရာဇဝတ်မှုတွေ၊ Crimes against humanity လူအများအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ် ဆိုတာ သူ ယုံကြည် ကြောင်း ဘီဘီစီ ကို ပြောပါတယ်။