ပါကစ္စတန် ရေလွှမ်းမိုးမှု ပိုဆိုးလာ

  • 19 ဩဂုတ် 2010
Image caption အရေးပေါ် အကူအညီ လိုအပ်သူ စုစုပေါင်းဟာ ရှစ်သန်းထိ ရှိလာလို့ ကုလပြော

ပါကစ္စတန်က ရေလွှမ်းမိုးမှုမှာ ရေဘေး ဒုက္ခသည်တွေရဲ့ အကျပ်အတည်းဟာ ပိုဆိုး လာနေပါတယ်။

ရေလွှမ်းမိုး ခံရတဲ့ ဧရိယာ အကျယ်အဝန်းဟာ ခုဆိုရင် အီတလီ နိုင်ငံ အရွယ်အစားထက်ကို ကြီးနေပြီး ရေဘေးဒဏ် ခံရသူ စုစုပေါင်းဟာ သန်းနှစ်ဆယ်လောက်ထိ ရှိလာတယ်လို့ ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများဆိုင်ရာ ဥရောပ ကော်မရှင်နာက ပြောပါတယ်။

အသစ် လျှံတက်လာတဲ့ ရေတွေဟာ တောင်ဘက်ကို အင်နဲ့အားနဲ့ ဆက်စီးနေပြီး အိန္ဒုမြစ် တလျှောက်မှာ ရေတားဖို့ ဖို့ထားတဲ့ အရံအတားတွေ ကျိုးပျက်ကုန်ပြီလို့ အစ္စလာမ်မာဘတ် မြို့တော်ကနေ ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ပါတယ်။

ကျေးရွာတချို့ ထပ်ရေလွှမ်းမိုးခံခဲ့ရပြီး ရွာသူ ရွာသားတွေလည်း အိုးအိမ်ပစ် ထွက်ပြေးခဲ့ကြရပါတယ်။

အရေးပေါ် အကူအညီ လိုတဲ့လူ အရေအတွက်ဟာ ခြောက်သန်းလောက်ကနေ ရှစ်သန်းလောက်ထိ တိုးလာတယ်လို့ ကုလသမဂ္ဂက ဒီအတောအတွင်းမှာဘဲ ထုတ်ပြောလာပါတယ်။

တချိန်ထဲမှာဘဲ ထောက်ပံ့ရေး အကူအညီ ရရှိမှုဟာ တိုးတက်လာနေတယ်လို့ ကုလသမဂ္ဂက ပြောပြီး ဒီကနေ့ ကြာသပတေးနေ့မှာ ကယ်ဆယ်ရေး အစီအစဉ် ကိစ္စတွေကို အသေးစိတ် ဆွေးနွေးဖို့ အထူးအစည်းအဝေး ခေါ်ထားပါတယ်။