အမေရိကန် တိုက်ခိုက်ရေး တပ်တွေ ဆုတ်ခွါ

  • 19 ဩဂုတ် 2010

အမေရိကန်ဦးဆောင်ပြီး အီရတ် နိုင်ငံကို ဝင်ရောက် ကျူးကျော် တိုက်ခိုက်ခဲ့တာ (၇) နှစ် အကြာမှာ နိုင်ငံ အတွင်း နောက်ဆုံး လက်ကျန် အမေရိကန် တိုက်ခိုက်ရေး တာဝန်ယူထားတဲ့ တပ်မ တစ်ခု ကြာသပတေးနေ့ က ထွက်ခွာ သွားခဲ့ ပါတယ်။

Image caption အမေရိကန်ရဲ့ နောက်ဆုံး လက်ကျန် တိုက်ခိုက်ရေး တပ်မ ဆုတ်ခွါ သွားပြီ

Stryker အမှတ် (၄) တပ်မ က စစ်သားတွေ နဲ့ စစ်ကားတွေ ဟာ အမှောင်ထုရဲ့ အကာအကွယ်နဲ့ ကူဝိတ် နယ်စပ်ကို ဖြတ်ကျော်သွားခဲ့ကြပါတယ်။

ဒါပေမဲ့ လာမယ့် နှစ်ကုန် နောက်ဆုံးထားပြီး ဆုတ်ခွာမယ်ဆိုတဲ့ အမေရိကန်တပ်ဖွဲ့ ကတော့ ငါးသောင်း ကျန်နေ ခဲ့ပါသေးတယ်။

အီရတ် တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးဖို့၊ အီရတ် တွေက တောင်းဆိုလာရင် ပူးပေါင်း တိုက်ခိုက်ပေးဖို့ စတာတွေ အတွက် အဲဒီ တပ်ဖွဲ့တွေကို ချန်ထား တာ ဖြစ်ပါတယ်။

အခုဆိုရင် အီရတ်ကနေ ပြန်ရုပ်သိမ်း ခဲ့တဲ့ အမေရိကန် တပ်ဖွဲ့ဝင်ဦးရေ တစ်သိန်း ကျော်ခဲ့ပါပြီ။ ဒီပမာဏဟာ ဗြိတိသျှ စစ်တပ် တစ်ခုလုံး ရဲ့ ပမာဏထက် များ နေပါတယ်။

အီရတ်မှာကျန်ခဲ့တဲ့ အမေရိကန် တပ်တွေက အီရတ် တပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေး စွမ်းရည်ကို မြှင့်တင် ပေးသွားမယ့် အစီအစဉ်ရှိပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အီရတ် တပ်ဖွဲ့ဝင်တွေရဲ့ အရည် အသွေးက လက်ရှိအခြေအနေမှာ ကျေနပ်အားရစရာ မကောင်းတဲ့ အခြေအနေပါ။

ဒါ့အပြင် လက်ရှိ အီရတ်နိုင်ငံရဲ့ လုံခြုံရေးနဲ့ စီးပွားရေး အခြေအနေ ကလည်း အထိ မခံနိုင်တဲ့အနေအထား မှာပဲ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဘဂ္ဂဒက် မြို့တော် မှာ သေကြေ ပျက်စီးမှုတွေ ရှိခဲ့တဲ့ အသေခံ ဗုံးပေါက်ကွဲမှု ကြောင့် အီရတ် နိုင်ငံရဲ့ လက်ရှိ လုံခြုံရေးအခြေအနေက ဘယ်လောက် အရေးကြီးနေသလဲ၊ အီရတ် တပ်ဖွဲ့ဝင်တွေက ဒါတွေကို ဘယ်လောက် နိုင်နိုင် နင်းနင်း ကိုင်တွယ်နိုင်မလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေ တယ်လို့ ဘီဘီစီ ကာကွယ်ရေးနဲ့ လုံခြုံရေးရာ သတင်းထောက် နစ်ချိုင်း က သုံးသပ်ပါတယ်။

အမေရိကန် တပ်တွေ ရုပ်သိမ်း တာနဲ့ပတ်သက်ပြီး အီရတ် ပြည်သူတွေ စိုးရိမ် နေကြသလို နိုင်ငံရေး သမားတွေ ကလည်း စိုးရိမ် နေကြပါတယ်။ ဒီနှစ်အစောပိုင်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေ ကနေ တည်ငြိမ်တဲ့အစိုးရ တစ်ရပ် အခုထိ ပေါ်ပေါက်လာမယ့် အရိပ်လက္ခဏာ မတွေ့ ရသေးတာကြောင့် အီရတ်မှာ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ လစ်ဟာမှုတွေ ရှိနေ တယ်လို့ လည် ဘီဘီစီ သတင်းထောက်က ပြောပါတယ်။