ရေကြီးမှု ပါကစ္စတန် သတိပေး

  • 20 ဩဂုတ် 2010
Pakistan flood
Image caption နိုင်ငံရဲ့ ငါးပုံ တပုံလောက် ရေအောက် မြုတ်နေ

ပါကစ္စတန်က ရေဘေးဒုက္ခကို အစိုးရက ကြိုးစားကိုင်တွယ်နေရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ထိထိရောက်ရောက် မကူညီရင် ခက်ခက်ခဲခဲ ရယူထားရတဲ့ အကြမ်းဖက် ခြောက်လှန့် သတ်ဖြတ်ရေး ဝါဒပေါ် အနိုင်ရထားမှုတွေကို ထိခိုက် စေလိမ့်မယ်လို့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး ရှားမာမွတ် ကူရက်ရှီက ကုလသမဂ္ဂရဲ့ အရေးပေါ် အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

သန်းနဲ့ချီတဲ့ ပါကစ္စတန် ပြည်သူတွေ အကြီးအကျယ် ဆုံးရှုံးခဲ့တာတွေကို အရေးတကြီး ဖြေရှင်းပေးရလိမ့်မယ်၊ ဒါတွေကို အကြမ်းဖက် ခြောက်လှန့်သတ်ဖြတ်ရေး သမားတွေက အမြတ်ထုတ်သွားတာမျိုး အဖြစ်မခံရဘူးလို့ ကူရက်ရှီက ပြောပါတယ်။

ဒီအတောအတွင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပါကစ္စတန်က အကျပ်အတည်းဟာ ကမ္ဘာ့နိုင်ငံတွေ အချင်းချင်း စည်းလုံးညီညွတ်မှု ရှိမရှိကို မှတ်ကျောက်တင်မဲ့ အကြီးမားဆုံး စစ်ဆေးမှုကြီးပဲလို့ ပြောလိုက်ပါတယ်။

လူသန်းနှစ်ဆယ်ကျော် စားနပ်ရိက္ခာ လိုအပ်နေတဲ့ ပါကစ္စတန်က ဘေးဒုက္ခတွေကို ဘန်ကီမွန်းက ဆူနာမီ အနှေးပြကွက်ပမာ ပြောသွားပြီး နောက်ထပ် ကူညီထောက်ပံ့မှုတွေ ပေးဖို့ ပန်ကြားခဲ့ပါတယ်။

ပါကစ္စတန် တနိုင်ငံလုံးရဲ့ ငါးပုံတပုံလောက်ဟာ ရေအောက်ရောက်နေပြီး လူဆယ်ယောက်မှာ တယောက်ဟာ ရေဘေး ဒဏ် ခံခဲ့ရပါတယ်။

ရေကြီတဲ့နေရာတွေကို လျှောက်ကြည့်ရင်း တောင်ပိုင်းက ပန်ဂျပ်ပြည်နယ်ကို ရောက်သွားတဲ့ ဘီဘီစီ သတင်းထောက်က ရထားဘူတာရုံ တခုဆိုရင် ပင်လယ်ဆိပ်ကမ်းတခုနဲ့တောင် ပိုတူတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေပတ်လည် ဝိုင်းနေတဲ့ ဓာတ်အားပေး စက်ရုံတခုကိုလည်း တွေ့ခဲ့တယ်လို့ ပြောပါတယ်။

တချို့နေရာတွေမှာဆိုရင်လည်း တချိန်က ကြံစိုက်ခင်းတွေ ရှိတဲ့နေရာဟာ ခုဆို ရေလုံးဝ ဖုံးသွားပြီး အဲဒိမှာ ငါးဖမ်းနေတဲ့ လူတွေကို တွေ့ခဲ့ရတယ်လို့ သတင်းပေးပို့ထားပါတယ်။