ဝါရင့် ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုံး ကွယ်လွန်

  • 20 ဩဂုတ် 2010
shwe_ohn
Image caption ပြည်ထောင်စု စစ်စစ်မူ ကို အမြဲ တောင်းဆို ခဲ့တဲ့ ဦးရွှေအုံး

ဝါရင့် ရှမ်း နိုင်ငံရေးသမားကြီး ဦးရွှေအုံး ဟာ သောကြာနေ့ ည ၇ နာရီ လောက် အချိန် ရန်ကုန် စမ်းချောင်း အရပ် မှာ ရှိတဲ့ သူ့ရဲ့ နေအိမ် မှာ အသည်း ကင်ဆာ ရောဂါ နဲ့ ကွယ်လွန် သွားပါတယ်။

သူဟာ မြန်မာပြည် လွတ်လပ်ရေး မရခင် ခေတ် သူ့ရဲ့ လူငယ် ဘဝကတည်း က နိုင်ငံရေး ထဲမှာ ပါဝင်လှုပ်ရှား ခဲ့သူ တဦး ဖြစ်ပြီး မြန်မာပြည် နိုင်ငံရေး သမိုင်းမှာ အရေး ပါတဲ့ ပင်လုံ ညီလာခံ ကို တက်ရောက် ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

လွတ်လပ်ရေး တိုက်ပွဲဝင်ကာလ က သူ ဟာ ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် မှာ ဦးဆောင် လှုပ်ရှားခဲ့သူ တဦးပါ။

မြန်မာပြည် ကို စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက် နိုင်ရေး အတွက် အမြဲလို ကြိုးပမ်း ခဲ့တဲ့ ရှမ်း နိုင်ငံရေး သမား တဦး ဖြစ်တဲ့ သူ ဟာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကို ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေ ဝင်ရောက် ယှဉ်ပြိုင် ဖို့ အတွက် တွန်းအား ပေးခဲ့ ပါတယ်။

လာမယ့် ရွေးကောက်ပွဲ ကို ဝင် ရောက်ဖို့ ပြင်ဆင်နေတဲ့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ UDP ပါတီ ကို တည်ထောင်သူ တဦး ဖြစ်ပြီး အဲဒီ ပါတီ မှာ နာယက တဦးအဖြစ် ကွယ်လွန် ချိန် အထိ ဆောင်ရွက်ခဲ့ပါတယ်။

ဦးရွှေအုံး ဟာ အမှား ကို ဝန်ခံရဲ သလို စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် တစိုက်မတ်မတ် ကြိုးစား လာတဲ့ ရှာမှရှား တဲ့ သူရဲကောင်း တယောက် ဖြစ်တယ် လို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးစိုင်းလိတ် က ဘီဘီစီ ကို ပြောပါတယ်။

၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံရေးပါတီ များ ပေါ်ထွန်းစဉ်ကာလမှာ သူဟာ ရှမ်းတိုင်းရင်း သား လူမျိုးစုများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ အဖြစ် တာဝန်ယူခဲ့ပြီး ပြည်ထောင်စု တိုင်း ရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် UNLD ရဲ့ သဘာပတိ အဖွဲ့ဝင် တဦး ဖြစ်ခဲ့ ပါတယ်။

ဦးရွှေအုံး ဟာ ကွယ်လွန်ချိန် မှာ အသက် ၈၈ နှစ် ရှိပြီ ဖြစ်ပြီး ကိုယ်ခန္ဓာ တပိုင်း လေဖြတ် ဝေဒနာ ခံစားနေရ သူ ဇနီးသည် နဲ့ သား သမီး ၄ ဦး ကျန်ရစ်ပါတယ်။