ဩစတြေးလျရွေးကောက်ပွဲ အဖြေမသိရသေး

  • 22 ဩဂုတ် 2010
ausielection
Image caption မဲပေးနေကြတဲ့ မစ္စ ဂေးလတ်ဒ်နဲ့ မစ္စတာ အက်ဘွတ်

ပြီးခဲ့တဲ့ စနေနေ့က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတဲ့ ဩစတြေးလျ ရွေးကောက်ပွဲ မှာ ဘယ်ပါတီကမှ အပြတ်အသတ် အနိုင်မရခဲ့ကြတဲ့ အတွက် အခုတော့ နောက် အစိုးရသစ် ဖွဲ့စည်းရေး အတွက် ဩစတေးလျမှာ နိုင်ငံရေး အရ ဝေခွဲမရ ဖြစ်နေကြပါတယ်။

မဲအများစုကို ရေတွက်ပြီးတဲ့ အချိန်မှာ လေဘာ ပါတီက ဝန်ကြီးချုပ် ဂျူလီယာ ဂေးလတ်ဒ် နဲ့ ပြိုင်ဘက် ကွန်ဆာဗေးတစ်ဖ် လစ်ဘရယ်နဲ့ အမျိုးသား ညွန့်ပေါင်းအဖွဲ့က တိုနီ အက်ဘွတ် တို့ အစိုးရဖွဲ့နိုင်လောက်တဲ့ အမတ်နေရာ အများစုကို ရရှိဖို့ အခြေအနေမျိုးမှာ မရှိဘဲဖြစ်နေပါတယ်။

မစ္စ ဂေးလတ်ဒ် က ရွေးကောက်ပွဲ ရလဒ်အဖြေ ပြောဖို့ မရသေးဘူးလို့ ဆိုခဲ့ပါတယ်။ အမတ်နေရာ များစွာ အတွက် အနိုင်အရှုံး မသိရသေးကြောင်းနဲ့ အဖြေတွေ သိရဖို့ အတွက် မဲတွေ ရေတွက်ဖို့ ရက် အနည်းငယ်လောက် အချိန်ပေးရမှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဒါပေမဲ့ မစ္စတာ အက်ဘွတ်ကတော့ လေဘာ ပါတီ ဟာ ဆက်လက် အုပ်ချုပ်သွားဖို့ မဖြစ်တော့ ဘူးလို့ သူ့ကို ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။ လောလောဆယ်မှာ အဖြေတိတိကျကျ မသိရသေးကြောင်း၊ ဒါပေမယ့် အဲဒီည အဖို့ ပြတ်သားစွာ သိလာ ရတာ ကတော့ လေဘာပါတီ အနေနဲ့ အမတ် အများစု နဲ့ အသာ ရထားတာမျိုး မရှိတော့ဘူး ဆိုတာပဲ ဖြစ်ကြောင်းနဲ့ အစိုးရဟာ တရားဝင် အုပ်ချုပ်ခွင့်ကို လက်လွှတ် ရတော့မယ့် အနေအထားကို ရောက်နေပြီ ဖြစ်ကြောင်း မစ္စတာအက်ဘွတ်က ပြောကြား ခဲ့ပါတယ်။

အစိုးရသစ်ဖွဲ့ဖို့ အတွက် လောလောဆယ်မှာတော့ တသီးပုဂ္ဂလ အမတ်တချို့ နဲ့ အစိမ်းရောင်ပါတီက အမတ်တစ်ဦးတို့ အပေါ်မှာ မူတည်နေပြီဖြစ်ပါတယ်။