ဖိလစ်ပိုင်မှာ ဘတ်စကား အပိုင်စီးခံရမှု လူ ၇ ဦးသေ

  • 23 ဩဂုတ် 2010
Image caption ရဲက ကားကို အလုံးအရင်းနဲ့ ဝင်စီးပြီး သေနတ် သမားကို ပစ်သတ်လိုက်ပါတယ်

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ ကမ္ဘာ လှည့် ခရီးသည် ဘတ်စကားတစီး အပိုင်စီး ခံရမှု အတွင်း အနည်းဆုံး ဟောင်ကောင်က ခရီးသည် ၇ ဦး သေဆုံးသွား ပါတယ်။

အလုပ်ထုတ်ခံရလို့ စိတ်ပျက်နေတဲ့ ရဲတပ်ဖွဲ့ဝင် ဟောင်း တဦးက မောင်းပြန်ရိုင်ဖယ် တလက်နဲ့ ဒီကားကို ၉ ရာရီကျော်ကြာ ဝင်စီးခဲ့တာ ဖြစ်ပါ တယ်။

စောစောပိုင်း စေ့စပ်ညှိနှိုင်းမှုတွေအတွင်း သေနတ်သမားက ခရီးသည် ၉ ဦးကို လွှတ်ပေးခဲ့ပြီး၊ ကားမောင်းသမားလည်း အန္တရာယ် မရှိ လွတ်မြောက် လာပါတယ်။ ကားပေါ်မှာတော့ တစာခံ ၁၅ ဦးကျန်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက ကားကို အင်အားအပြည့်နဲ့ ဝိုင်းထားခဲ့ချိန်မှာတော့ သေနတ်သမားက ကျန်တဲ့ တစာခံတွေကို သတ်ပစ်မယ်လို့ ပြောပါတယ်။

အဲဒီနောက်မှာတော့ စေ့စပ်ညှိနှိုင်းမှုတွေလည်း အဆုံးသတ်သွားပြီး၊ အပြန်အလှန်ပစ်ခတ်မှု တွေ စတင်ဖြစ်ပွားခဲ့ပါတယ်။

ခရီးသည်တွေလည်း ကားပေါ်ကနေ ဝပ်ပြီးဆင်းလာခဲ့ကြတာကို ရုပ်မြင်သံကြားကနေ ပြသ ခဲ့ပါတယ်။ သေနတ်သမားလည်း ခရီးသည်တချို့ကို သတ်ပစ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ရဲက ကားကို ဝင်စီးပြီး အဲဒီသေနတ်သမားကို ပစ်သတ်လိုက်ပါတယ်။

Image caption ဝင်စီးသူဟာ ရဲတပ်ဖွဲ့က စုံစမ်းရေးမှူးဟောင်း ရော်နယ်ဒိုမန်ဒိုဇာ ဖြစ်ပါတယ်

ရဲကဝင်စီးတဲ့အချိန်မှာ တခြား ခရီးသည် ၈ ဦး ကတော့ အခဲအခက်တွေ ကြားကနေ လွတ်မြောက်လာခဲ့ပါတယ်။ ဟောင်ကောင် ခရီးသည် ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိ သွားပြီး၊ နောက်ထပ် ၆ ဦးကို ဆေးရုံတင်ထား ရပါတယ်။

ဟောင်ကောင်အုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဒေါ်နယ်ဂျန်းက အခုအပိုင်စီးမှုကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး စိတ်ပျက်ကြောင်း ပြောပါတယ်။