ကန်တပ်မှုး အိုဘားမား အစီအစဉ်ကို မေးခွန်းထုတ်

  • 24 ဩဂုတ် 2010
US troops in Afghanistan
Image caption အာဖဂန်မှာ အမေရိကန် တပ်များ ပတ္တရောင် လှည့်နေပုံ

အာဖဂန် နစ္စတန်က ထိပ်တန်း အမေရိကန် တပ်မှုးတယောက်က ၂၀၁၁ ဇူလိုင်မှာ ကန်တပ်တွေ စရုပ်မဲ့ အိုဘားမားရဲ့ အစီအစဉ်ကို မေးခွန်း ထုတ်လိုက်ပါတယ်။

အာဖဂန်က နိုင်ငံစုံတပ်တွေ မကြာခင် ရုပ်သိမ်းတော့မယ် ဆိုတဲ့ သတင်းကြောင့် တာလီဘန်တွေ စိတ်ဓာတ် တက်ကြွနိုင်တယ်လို့ ကမ်းတက်တပ်ရဲ့ တပ်မှုး ဗိုလ်ချုပ်ကြီး ဂျိမ်းစ ကွန်းဝေးက ပြောပါတယ်။

တကယ်တော့ အာဖဂန် လုံခြုံရေး တပ်တွေ သူတို့ဘာသာ တာဝန်ယူနိုင်ဖို့ နှစ်ပေါင်းများစွာ လိုသေးတယ်လို့ သူက သတိပေးလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး ကွန်းဝေးဟာ မကြာခင် တပ်က အနားယူဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း သမ္မတရဲ့ အစီအစဉ်ကို ခုလို လွတ်လွတ်လပ်လပ် ထုတ်ပြောနိုင်တာ ဖြစ်နိုင်တယ်လို့ ဘီဘီစီ သတင်းထောက်က မှတ်ချက်ပေးပါတယ်။

၂၀၁၁ ဇူလိုင်လ နောက်ဆုံးထား တပ်တွေ ရုပ်ဖို့ စီစဉ်ထားတာဟာ တာလီဘန်တွေကို တနည်းအားဖြင့် အသက်ဆက်ပေးသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

တာလီဘန်တွေဟာ အဲဒိအချိန်ထိ တောင့်ခံနေဖို့ ဦးတည်ချက်ထား လုပ်ဆောင်နေတာကို ပြတဲ့ ထောက်လှမ်းရေး သတင်းတွေ သူတို့ ဖမ်းယူ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

တကယ်တော့ ၂၀၁၁ ဇူလိုင်လ နောက်ဆုံးထား တပ်ရုပ်ရေး အစီအစဉ်ကို သံသယဝင်တာ ဗိုလ်ချုပ်ကြီး ကွန်းဝေး တယောက်ထဲ မကပါဘူး။

အာဖဂန်က အကြီးဆုံး တပ်မှုးချုပ် ဗိုလ်ချုပ်ကြီး ဒေးဗစ် ပထွေးရပ်စက အာဖဂန်မှာ လုံခြုံရေး အခြေအနေ သိသိသာသာ တိုးတက်လာတာ မတွေ့ရင် အစောပိုင်းက ပြောခဲ့တဲ့ ရှေ့နှစ် ဇူလိုင်လ နောက်ဆုံးထား တပ်ရုပ်မယ်ဆိုတဲ့ သတ်မှတ်ချက်ကို ပြန်ရုပ်သိမ်းချင် ရုပ်သိမ်းမယ်လို့ ပြောထားပါတယ်။

သမ္မတ အိုဘားမား ကိုယ်တိုင်ကလည်း ဒီရက်မှာ တပ်တွေအားလုံး ရုတ်တရက်ကြီး ပြန်ရုပ်တယ် ဆိုတာထက် ဒီရက်မှာ အာဏာ တဖြည်းဖြည်း လွှဲပြောင်းပေးတဲ့ လုပ်ငန်းစဉ် စမယ်လို့သာ ပြောခဲ့တာ ဖြစ်ပါတယ်။

အိမ်ဖြူတော်ကတော့ ဗိုလ်ချုပ်ကြီး ကွန်းဝေးရဲ့ မှတ်ချက်ကို သိပ်အရေးမကြီးတဲ့ အပြောပမာ ပုံဖော်နေတယ်လို့ ဘီဘီစီ သတင်းထောက်က ဒီစီကနေ သတင်း ပေးပို့ထားပါတယ်။