အာဖဂန်မှာ နေတိုးစစ်စခန်းနှစ်ခု တိုက်ခိုက်ခံရ

  • 28 ဩဂုတ် 2010
Soldier at Forward Operating Base
Image caption တာလီဘန်တွေက အသေအချာစီမံပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်

အာဖဂန်နစ္စတန်မှာ အမေရိကန်စစ်ဝတ်စုံ ဝတ်ထားတဲ့ တာလီဘန်စစ်သွေးကြွတွေက အသေအချာစီမံပြီး နေတိုး စစ်စခန်း ၂ ခု ကို လာရောက် တိုက်ခိုက်ခဲ့တဲ့အတွက် သူတို့ကို ပြန်ပြီးတွန်းလှန် တိုက်ခိုက်ခဲ့ရ တယ်လို့ နေတိုးတပ်ဖွဲ့က ပြောပါတယ်။

လုံခြုံရေးယူနီဖေါင်းနဲ့ အမေရိကန်စစ်ဝတ်စုံတွေ ဝတ်ထားတဲ့ လူ ၂၅ ယောက်ဟာ မာဇဒါကား တစီးနဲ့ ပစ်ကပ်ကားတစီး စီးပြီးဝင်လာကာ မဟာမိတ်နဲ့ အာဖဂန်တပ်ဖွဲ့တွေကို စတင်တိုက်ခိုက်ခဲ့တာလို့ ကို့စ်တ်ပြည်နယ် ရဲချုပ်က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ရန်သူ ၂၄ ယောက်သေပြီး၊ တခြား ၅ ဦးကို အရှင်ဖမ်းမိတယ်လို့ သူက ရှင်းပြပါတယ်။

ဒီတိုက်ခိုက်မှုမှာ တာလီဘန်တိုက်ခိုက်ရေးသမား ၅၀ ကျော်ပါဝင်တယ်လို့ ဒေသတွင်း သတင်း တွေက ဆိုပါတယ်။

နေတိုးတပ်ဟာ ဒီစစ်စခန်း ၂ ခုကို ကာကွယ်နိုင်ဖို့အတွက် ရဟတ်ယာဉ်အကူအညီပါ ခေါ်ခဲ့ ရပါတယ်။

စခန်းတခုမှာတော့ သူပုန်အနည်းဆုံး ၁၅ ဦးသေဆုံးသွားပြီး၊ တခြားစခန်းမှာတော့ ၆ ဦး သေဆုံးသွားတာ ဖြစ်တယ်လို့ နေတိုးတပ်ဖွဲ့က ပြောပါတယ်။

သူပုန် ၅ ဦးဖမ်းဆီးရမိပြီး၊ များစွာသော အသေခံဗုံးခွဲတဲ့ ခါးပတ်တွေကို ရှာတွေ့ခဲ့ပါတယ်။