ဂျပန် စီးပွားရေး နာလန်ထူဖို့ ကြိုးပမ်း

  • 30 ဩဂုတ် 2010

ယိမ်းယိုင်နေတဲ့ ဂျပန် စီးပွားရေး ပြန်လည် နာလန်ထူလာရေးကို ရည်ရွယ်တဲ့ ခြေလှမ်းသစ် တစ်ရပ်ကို ဂျပန် အစိုးရနဲ့ ဂျပန် ဗဟိုဘဏ်ကြီးက ဆောင်ရွက်လိုက် ပါတယ်။

Image caption ဂျပန် စီးပွားရေး ကောင်းလာရေး ကြိုးပမ်းနေ

လာမယ့်လကစပြီး အမေရိကန် ဒေါ်လာ သန်း (၁၁) ဘီလျံ တန်ဖိုးရှိတဲ့ ငွေတွေကို စီးပွားရေး ကျားကန် ပေးမှု အစီအစဉ်တွေ အတွက် ထည့်ဝင် ပေး မယ် လို့ ဂျပန် အစိုးရက ပြော ပါတယ်။

အခုနှစ် ဒုတိယ သုံးလပတ်အတွင်းမှာ ဂျပန်ရဲ့ စီးပွားရေးတိုးတက်မှု အတော် နှေးကွေးခဲ့ပြီး သုည ဒသမ ၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

ငွေကြေးဖောင်းပွမှုရဲ့ ဆန့်ကျင်ဘက် ငွေကြုံ့မှုတွေ ဖြစ်နေ တဲ့အတွက် ဂျပန်ရဲ့ ပြည်ပ ပို့ကုန် လုပ်ငန်းတွေလည်း အတော်ကြီး အကျပ် အတည်း ဆိုက်နေပါတယ်။ ပြီးခဲ့တဲ့ (၁၅) လ အတွင်း ယန်းငွေ တန်ဖို့ အမြင့်ဆုံးကို တက်လာပြီး ဂျပန်ပစ္စည်းတွေ ပြည်ပမှာ စျေးတက် လာလို့ ယှဉ်ပြိုင် စွမ်းအား ကျဆင်း လာခဲ့ပါတယ်။

ဒီငွေတွေကို ဘယ်လို သုံးစွဲမယ်ဆိုတဲ့ အသေးစိတ်ကိုတော့ နောက်တစ်ပတ် ဝန်ကြီးများ အစည်းအဝေး အပြီးမှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။

စောစောပိုင်း တုန်းကလည်း ဂျပန် ဗဟိုဘဏ်က ယန်း ငွေတန်ဖိုး တက်နေတာကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ အတွက် အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အဲဒီ ကနေ ကျလာတဲ့ ဆုံးဖြတ်ချက် အရ ဂျပန် ဗဟိုဘဏ် ကနေ ဒေါ်လာ သန်းပေါင်း (၁၁၀) ဘီလျံ ကျော်ကို စီးပွားရေး ဘဏ်တွေ ဆီ အထူးအတိုးနှုန်းနဲ့ ထုတ်ချေး ပေးမှာ ဖြစ်ပါတယ်။

ဂျပန် စီးပွားရေး ကို ကုစားတဲ့ ဒီလို အစီအစဉ်တွေ လုပ်နေပေမယ့် စျေးကွက်ထဲမှာတော့ တိုးတက်မှု လက္ခဏာတွေ မဖြစ်ပေါ်သေး သလို ယန်း ငွေ တန်ဖိုး ကလည်း ဆက်လက် တက်နေခဲ့ပါတယ်။