ကချင်ပြည်နယ် တိုးတက်ရေးပါတီ ရှေ့လုပ်ငန်းစဉ်

  • 1 စက်တင်ဘာ 2010
burma_kachin
Image caption ကချင်ပြည်နယ်ရဲ့ ကိုယ်စားပြု ပါတီ

မြန်မာအစိုးရ ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ဝင်မယ့်ပါတီတွေက ကိုယ်စားလှယ်လောင်းတွေ စာရင်းသွင်းဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ သြဂုတ်လ ၃၀ ရက်ကိုကျော်လွန်သွားပြီဖြစ်တဲ့အတွက် ကချင်ပြည်နယ် တိုးတက်ရေးပါတီ ကေအက်စ်ပီပီ အပါအဝင် ကချင်ပါတီသုံးခု မှတ်ပုံတင်ခွင့် မရတော့ ဘူးဆိုတာ သေချာသွားပြီဖြစ်ပါတယ်။

ကေအက်စ်ပီပီဟာ ပါတီတခုအနေနဲ့ မှတ်ပုံတင်လို့ မရတော့ဘူးဆိုတာ သေချာသွားတဲ့အချိန်မှာ ပါတီ ဥက္ကဌ ဒေါက်တာတူးဂျာ အပါအဝင် ပါတီခေါင်းဆောင် ၁၂ ဦးဟာ တသီးပုဂ္ဂလ ကိုယ်စားလှယ် တွေအဖြစ် ရွေးကောက်ပွဲဝင်ဖို့ စာရင်းပေးလိုက်ကြပါတယ်။

အထွေထွေအတွင်းမှူး ဖြစ်တဲ့ ဦးတူးရော်က ဝိုင်းမော်မြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မှာဖြစ်ပြီး၊ ဗဟိုကော်မီတီဝင်တွေဖြစ်ကြတဲ့ ဦးဇော်လတ်၊ ဦးလအောင်တို့ကတော့ ဆွမ်ပရာဘွမ် မဲဆန္ဒနယ်မှာ ဝင်ဖို့ ရှိတယ်လို့ဆိုပါတယ်။ နောက်ခေါင်းဆောင်တဦးကတော့ ဦးလဇိန်ဘောက် ဖြစ်ပါတယ်။

နောက်ကိုယ်စားလှယ်လောင်းတွေနဲ့ပတ်သက်လို့တော့ အသေးစိတ်မသိရသေးပါဘူး။ ကေအက်စ်ပီပီဆိုတဲ့ပါတီကျောထောက် နောက်ခံနဲ့ ဝင်ပြိုင်လို့မရပေမယ့် သူတို့ကိုဒေသခံတွေကမဲပေး ထောက်ခံကြလိမ့်မယ်လို့ အခုတသီးပုဂ္ဂလ ဝင်အရွေးခံမယ့် ကိုယ်စားလှယ်တွေကမျှော်လင့်နေတာပါ။

သူတို့အနေနဲ့ လွှတ်တော်ထဲမှာ ရောက်ရှိနိုင်မယ်ဆိုရင် ကချင် တိုင်းရင်းသားတွေရဲ့ အရေးအတွက် တစုံတရာတော့ ပြောရေးဆိုခွင့် ရှိလိမ့်မယ်လို့မျှော်လင့်ပြီး ခုလိုဆုံးဖြတ်တာဖြစ်ကြောင်းလဲ ကိုယ်စားလှယ် လောင်းတဦးကပြောပါတယ်။

ကေအက်စ်ပီပီ မှတ်ပုံတင်ခွင့်မရတဲ့အတွက် အဲဒီပါတီကိုထောက်ခံသူတွေ စိတ်အပျက်ကြီးပျက်သွားကြပေမယ့်၊ အစိုးရရဲ့ တဖက်သတ်ကျတဲ့ ဆောင်ရွက်မှုတွေကြောင့်တသီး ပုဂ္ဂလကိုယ်စားလှယ်တွေကို ပိုပြီးအားပေး ထောက်ခံကြလိမ့်မယ် လို့ယုံကြည်ကြောင်းလည်း ကချင်ဒေသခံတွေကပြောကြပါတယ်။