အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ပြန်စ

  • 2 စက်တင်ဘာ 2010
obama_mideast
Image caption သမ္မတအိုဘားမားရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု အသစ်

အမေရိကန် ဝါရှင်တန်မြို့တော်မှာ ကနေ့ စတင်မဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း အကြား တိုက်ရိုက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ခေါင်းဆောင် နှစ်ဦးအနေနဲ့ ငြိမ်းချမ်းမှု အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ဖို့ အရေးကြီးကြောင်း သမ္မတအိုဘားမားက ပြောပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲ ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်း တိုက်ရိုက် ညှိနှိုင်းမှုကနေ နောက်ဆုံး အဖြေရရေး ကို ရည်ရွယ်တါပါ၊ ၁၉၆၇ ခုနှစ်က အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှု အဆုံးသတ်ရေး နဲ့ လွတ်လပ်တဲ့ ဒီမိုကရက်တစ် ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်း လာပြီး နှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူလက်တွဲ နေယင်း အိမ်နီးချင်းတွေနဲ့ပါ ပြေလည်ရေး ဟာ အမေရိကန် တွန်းအား ပေးနေတဲ့ မြင်ကွင်းပါ လို့ သမ္မတအိုဘားမားက ပြောသွားတါပါ။

သမ္မတအိုဘားမားဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင်နက်တန်ယာဟူ နဲ့ရော ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်စ် နဲ့ပါ သီးခြား တွေ့ဆုံပြီး ဒီအကြောင်းကို အိမ်ဖြူတော်မှာ ပြောခဲ့တါပါ။

အရှေ့အလယ်ပိုင်းဒေသမှာ သွေးစွန်းခဲ့မှု တွေများလှပြီ ဖြစ်တဲ့ အတွက် သမိုင်းက ဒိပြင်နည်းနဲ့ ဖြေရှင်းတဲ့ လမ်း ရှိသေးတယ် ဆိုတာကို သင်ကြား ထားပြီလို့ သမ္မတအိုဘားမားက ပြောသွားပါတယ်။

ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ် ကလဲ၊ ပြီးခဲ့တဲ့ရက်က အနောက်ဖက်ကမ်းမှာ ဟားမားစ် စစ်သွေးကြွတွေ အစ္စရေး အရပ်သား တွေကို ပစ်သတ်မှု အပေါ် ရှုံ့ချပေမဲ့ အစ္စရေး အိမ်ယာ ဆောက်လုပ်မှု ကို ရပ်ဆိုင်းဖို့ ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင် နက်တန်ယာဟူ ကလဲ ပါလက်စတိုင်းတွေနဲ့ အရှည်သဖြင့် ငြိမ်းချမ်းလိုပေမဲ့ အစ္စရေး လုံခြုံရေးလဲ အဓိက ထားရမဲ့ အကြောင်း ပြောပါတယ်။

အိမ်ဖြူတော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲကို အီဂျစ်သမ္မတ နဲ့ ဂျော်ဒင်ဘုရင် တို့လဲ တက်ရောက်ကြပါတယ်။